ထိုင်းနိုင်ငံ COVID-19 အခြေအနေ စီမံခန့်ခွဲမှုဌာနရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူး စက်မှု မရှိခဲ့တာ ရက်ပေါင်း ၈၀ နီးပါး ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့်လည်း ထိုင်းပြည်သူတွေ အနေနဲ့ သူတို့ဟာ COVID-19 အန္တရာယ်က ကင်းလွတ်သွားပြီလို့ ယုံကြည် ယူဆလာကြပြီး ကိုဗစ် စည်းကမ်းချက်တွေကို လိုက်နာခြင်း မရှိကြတော့ပါဘူး။
ထိုင်းပြည်သူ အများစုဟာ အပြင်ထွက်တဲ့အခါ Mask တပ်ဆင်ခြင်း မရှိကြတော့သလို လက်ဆေးတာအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ Social distancing စည်းကမ်းတွေကိုလည်း လိုက်နာခြင်း မရှိကြတော့ပါဘူး။
ဒါကြောင့်လည်း ထိုင်းနိုင်ငံ ကူးစက်ရောဂါ သိပ္ပံစင်တာက ကြက်ခြေနီ ညွှန်ကြားရေးမှူးဖြစ်သူ ပါမောက္ခ ဒေါက်တာ Thiravat Hemachudha က ထိုင်းနိုင်ငံတဝှမ်း ရောဂါ ပြန်လည် ကူးစက်နိုင်ခြေက အကြောင်းများစွာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သူထောက်ပြခဲ့တဲ့ အချက်တွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေ မလိုက်နာကြတော့တဲ့ အချက်က အဓိကအနေနဲ့ ပါဝင်ပါတယ်။
ကမ္ဘာတဝှမ်း COVID-19 စတင် ကူးစက်ခဲ့ပြီးနောက်ပိုင်း ၆ လလောက် အချိန်လေးနဲ့ ထိုင်းနိုင်ငံမှာ COVID-19 ကင်းစင်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။ ပိုးကင်းစင်သွားပြီလို့ ယူဆခဲ့ကြတဲ့ နိုင်ငံအများအပြားမှာလည်း တကျော့ပြန် ကူးစက်မှုတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ နောက်အကြောင်း တချက်ကတော့ ရောဂါကူးစက်ခံရသူတွေမှာ လက္ခဏာ မပြတဲ့ အချက်ပါ။
“ရောဂါ ကူးစက်ခံထားရတဲ့ လူငယ်တွေအနေနဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်နေတဲ့အတွက်ကြောင့် ရောဂါလက္ခဏာ မပြတာမျိုးတွေ ရှိနေပါတယ်။ ဒီလို ရောဂါလက္ခဏာ မပြသူတွေကနေတဆင့် ရောဂါပိုးက ပြန့်ပွားသွားနိုင်ပါတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဒေါက်တာ Thiravat က အများသုံး ဘတ်စ်ကားလို နေရာမျိုးတွေမှာ Social distancing ကို မလိုက်နာကြတော့တဲ့အတွက် ကူးစက်မှုက ပိုပြီးမြင့်တက်သွားနိုင်စရာ ရှိတယ်လို့ ပြောပါတယ်။
ကလေးငယ်တွေကို စာသင်ခန်းအတွင်း ဝင်ရောက်ခွင့်ပြုလိုက်ခြင်းကလည်း ကြီးမားတဲ့ အန္တရာယ်ကိုဖိတ်ခေါ်လိုက်သလိုပဲလို့ ဒေါက်တာက ရှင်းပြခဲ့သလို ပြည်ပက ပြန်လာသူတွေကိုလည်း တင်းကျပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tanarak Plipat ကလည်း COVID-19 ဒုတိယလှိုင်းဟာ ကြီးမားမယ်ဆိုတဲ့ အယူအဆကို သဘောတူညီခဲ့ပေမယ့် ဒုတိယလှိုင်းဖြစ်ခဲ့မယ်ဆိုရင်တောင် အကန့်အသတ်နဲ့သာ ဖြစ်ပွားနိုင်စရာ ရှိတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများ COVID-19 ကြောင့် ကျဆင်းနေရချိန်မှာ အဆိုပါ ဆရာဝန် ၂ ယောက်ကတော့ ဒုတိယလှိုင်းနဲ့ ပတ်သက်ပြီး သတိပေးစကားတွေ ပြောကြားနေပါတယ်။
ဒေါက်တာ Tanarak က ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်ဟာ ကိုဗစ် ကူးစက်မှု သုည မဟုတ်ဘဲ ပြန့်ပွားမှုကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ဖို့သာဖြစ်တယ်လို့ ပြောပါတယ်။ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့က လည်း ပြည်သူတွေရဲ့သဘောထားကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။
COVID-19 ကာကွယ်ဆေးကို ရရှိနိုင်ခဲ့မယ်ဆိုရင်တောင် ဒီရောဂါက ဆက်ပြီး ရှိနေမှာပဲလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုဗစ် ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်ဖို့ ထိုင်းနိုင်ငံတင်သာမက တခြားနိုင်ငံတွေ အတွက်လည်း အရေးကြီးပါတယ်။
ထိုင်းနိုင်ငံ အပါအဝင် တခြားနိုင်ငံတွေအနေနဲ့လည်း ဗီယက်နမ်ကို နမူနာယူသင့်ပါတယ်။ ဗီယက်နမ် နိုင်ငံဟာ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း တကျော့ပြန် ကူးစက်မှု ပြန် လည် စတင်ခဲ့ပါတယ်။ လပေါင်းအတော်ကြာတဲ့အထိ COVID-19 ကြောင့် လူသေဆုံးမှု မရှိခဲ့တဲ့ ဗီ ယက်နမ်နိုင်ငံဟာ ဒုတိယလှိုင်းမှာတော့ လူသေဆုံးမှု ဖြစ်ပွားခဲ့ပြီး ၂၆ ယောက်အထိ သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် စတင်နေတာ တွေ့ရပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်အရ စစ်တွေမြို့မှာ ပြည်တွင်း ကူးစက်လူနာအသစ် ၃ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။
Ref: thaipbsworld
You may also like these stories:
ကိုဗစ်ကြောင့် အမေရိကန်မှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော် သေဆုံး
ကိုရိုနာကာကွယ်ဆေးတွင် တရုတ်ဦးဆောင်မှုကြောင့် ပူပန်မှုနှင့်မျှော်လင့်ချက် နှစ်မျိုးလုံးဖြစ်
အရှေ့တောင်အာရှမှာ ကိုဗစ် အလုံခြုံဆုံးနိုင်ငံ ဖြစ်နေသေးတဲ့ လာအို