အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသာ ရေကစားလေ့ ရှိတာ မဟုတ်ပါဘူး။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ရေသဘင်ပွဲတော် ရှိပါတယ်။ မြန်မာနဲ့ ထိုင်းမှာ ကျင်းပလေ့ရှိတဲ့ ရေသဘင်ပွဲတော်ဟာ များသောအားဖြင့် နေ့၊ လတွေ တူညီမှု ရှိပေမယ့် ကမ္ဘောဒီး ယားနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ ရေသဘင်ပွဲတော်ကတော့ နေ့၊ လ တူညီမှု မရှိပါဘူး။
၂၀၁၉ ခုနှစ်ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ရေသဘင်ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက် အထိ မြို့တော် ဖနွမ်းပင်မှာ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ နှစ်စဉ် ၃ ရက်ကြာ ကျင်းပလေ့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရေသဘင်ပွဲတော်ကို ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားပေါင်း ၄ ဒဿမ ၇ သန်း လာရောက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
Khmer Times ကလည်း ၂၀၁၈ ခုနှစ်ထက်စာရင် ခရီးသွားဧည့်သည်ပေါင်း ၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပါတယ်။ အခုလို ခရီးသွားဧည့်သည်အရေအတွက် တိုးလာရတဲ့ အကြောင်းကလည်း လူတွေအနေနဲ့ လုံခြုံမှု ရှိတယ်လို့ ခံစားရတဲ့အတွက်ကြောင့်ပါပဲလို့ ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Sopheak က ပြောကြားခဲ့ဖူးပါတယ်။
COVID-19 ရောဂါ ကမ္ဘာအနှံ့ကူးစက်လာပြီးနောက်ပိုင်းမှာတော့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရေသဘင်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ကမ္ဘောဒီးယားအစိုးရက ကြေညာခဲ့ပါတယ်။
COVID-19 ကြောင့် ကမ္ဘာတဝှမ်းမှာ ဖျက်သိမ်းခဲ့ရတဲ့ ရိုးရာ အစဉ်အလာ ပွဲတော်တွေကလည်း မနည်းတော့ပါဘူး။ သြဂုတ်လ ၁၁ ရက်နေ့က ရေးသားပေးပို့တဲ့ ရေသဘင်ပွဲတော် ဖျက်သိမ်းကြောင်းရေးသားထားတဲ့ စာကို Khmer Times က လက်ခံရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ခဲ့သလို ပြည်ပခရီး သွားလုပ်ငန်းလည်း တိုးတက်မှု ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားပြည်သူတွေဟာ ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေများစွာ ရရှိခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါဆိုးကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း နိုင်ငံတကာခရီးသွားအားလုံးကို ပြည်ဝင်ခွင့်ပြုခဲ့ပေမယ့် လာရောက် လည်ပတ်သူ အရေအတွက် ကျဆင်းနေဆဲပါ။
ဝန်ကြီးများကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ek Tha က “ကမ္ဘောဒီးယားအစိုးရအနေနဲ့ ရေသဘင်ပွဲတော်ကို ယာယီ ရပ်ဆိုင်းလိုက်ရတာနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ကောင်းများစွာ ရှိနေပါတယ်။ အဓိကကတော့ ရောဂါပိုးကူးစက်မှု ကြိုတင် ကာကွယ်မယ့် နည်းလမ်းတွေအပေါ် စိုးရိမ်ပူပန်မှု ရှိနေတဲ့အတွက်ကြောင့်ပါ”လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယား ရေသဘင်ပွဲတော်ကို Tonle Sap မြစ်ကမ်းတလျှောက် ကျင်းပလေ့ရှိပြီး လူထောင် ပေါင်းများစွာ နီးနီးကပ်ကပ် ဆင်နွှဲလေ့ ရှိကြပါတယ်။ ဒီအချက်က COVID-19 တကျော့ပြန် ကူးစက် သွားဖို့ အကြီးမားဆုံးအန္တရာယ်ပါပဲလို့ သူက ပြောပါတယ်။ တဆက်တည်းမှာပဲ သူက ကမ္ဘောဒီးယား နိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေ မရှိတော့ပေမယ့် အန္တရာယ်ကို မဖိတ်ခေါ်သင့်ဘူးလို့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ရေသဘင်ပွဲတော်ကို အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။
Ref: Bangkokpost
You may also like these stories:
စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်
Netflix ရဲ့မှတ်တမ်းစီးရီးကြောင့် နာမည်ကြီးလာတဲ့ “Tiger King” တိရစ္ဆာန်ရုံ ပိတ်လိုက်ရ
ဝူဟန်မြို့မှာ လူစုလူဝေးနဲ့ ကျင်းပခဲ့တဲ့ ဂီတပွဲတော်