အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်သူ အရေအတွက် မြင့်မားနေတဲ့အတွက်ကြောင့် နိုင်ငံအများစုဟာ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီ ရပ်ဆိုင်းထားပါတယ်။
အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့် မပေးသေးတာကလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ နိုင်ငံအများစုမှာလည်း COVID-19 လှိုင်းသစ် ပြန်လည် ဖြစ်ပွားနေတဲ့အတွက်ကြောင့် ပြည်ဝင်ခွင့် မူဝါဒတွေလည်း အချိန်တိုင်းလိုလို ပြောင်းလဲမှုတွေ ရှိနေပါတယ်။
ကော့စတာရီကာ နိုင်ငံအနေနဲ့လည်း COVID-19 ကူးစက်မှု ပမာဏနည်းပါးတဲ့ နိုင်ငံတွေကို သြဂုတ် လ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ ကော့စတာရီကာနိုင်ငံက ပြည်ဝင်ခွင့်ပြုထားတဲ့ နိုင်ငံ စာရင်းမှာ ကနေဒါ၊ ယူကေနဲ့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်ပါတယ်။
ကော့စတာရီကာနိုင်ငံရဲ့ ခရီးသွားဈေးကွက်မှာ အမေရိကန်နိုင်ငံက ကြီးမားတဲ့ ဈေးကွက်ဖြစ်ပေမယ့် COVID-19 ကူးစက်မှု မြင့်မားနေတဲ့အတွက် ပြည်ဝင်ခွင့် ယာယီ ရပ်ဆိုင်းထားခဲ့ပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံရဲ့ ပြည်နယ် ၆ ပြည်နယ်ဖြစ်တဲ့ နယူးယောက်၊ နယူးဂျာဆီ၊ နယူးဟမ်းရှိုင်းယား၊ ဗားမောက်၊ ကွန်နက်တီကပ်၊ မိုင်နီ စတဲ့ ပြည်နယ်က ခရီးသွားတွေကိုတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့်ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီပြည်နယ် ၆ ပြည်နယ်ကခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တဲ့အကြောင်းကတော့ COVID-19 ကူးစက်မှု နှုန်းနည်းပါးတဲ့အတွက်ကြောင့်ပါ။
ကော့စတာရီကာနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီး Gustavo Segura ကလည်း “အခု ရွေးချယ်လိုက်တဲ့ အမေရိကန်ရဲ့ ပြည်နယ် ၆ ပြည်နယ်ဟာ ကပ်ရောဂါကာလအတွင်း အပေါင်းလက္ခဏာ ဆောင်တဲ့ဆောင်ရွက်ချက်တွေကို ပြုလုပ်ခဲ့ပြီး ရောဂါကူးစက်မှုဆိုင်ရာညွှန်းကိန်းအရ ဆိုရင်လည်း အရည်အသွေး မြင့်မားတယ်”လို့ ပြောကြားခဲ့ပါတယ်။
တဆက်တည်းမှာပဲ ကော့စတာရီကာနိုင်ငံ ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဦးမော့လာနိုင်ဖို့ တဖြည်းဖြည်းနဲ့ ဂရုတစိုက် ဆန်းစစ် လေ့လာခဲ့တယ်လို့ သူက ပြောပါတယ်။
ကော့စတာရီကာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအနေနဲ့ ၄၈ နာရီအတွင်း ရယူထားတဲ့ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာကို တင်ပြနိုင်ရပါမယ်။ ခရီးသွားတွေအနေနဲ့ လေဆိပ်က ထုတ်ပြန်ချက်တွေကို လိုက်နာရမှာ ဖြစ်တဲ့အပြင် ဒေသကျန်းမာရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း လိုက်နာနိုင်ရပါမယ်။
ကော့စတာရီကာနိုင်ငံကို လည်ပတ်ခွင့်ပြုထားတဲ့ နိုင်ငံစာရင်းမှာ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ စင်ကာပူ စတဲ့ နိုင်ငံတွေလည်း ပါဝင်ပါသေးတယ်။
ခရီးသွားလုပ်ငန်းဟာ ကော့စတာရီကာနိုင်ငံ စီးပွားရေးရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်နေပါတယ်။ ပုံမှန် အားဖြင့်လည်း နှစ်စဉ်ခရီးသွားပေါင်း ၁ ဒဿမ ၇ သန်း လာရောက်လေ့ ရှိပါတယ်။ ကော့စတာရီကာနိုင်ငံမှာ လူပေါင်း ၃၁,၀၇၅ ယောက် ရောဂါကူးစက်ခံထားရပြီး ၃၃၃ ယောက် သေဆုံးခဲ့ပါတယ်။
Ref: CNN
You may also like these stories:
၂ နှစ်အရွယ် ကလေး Mask မတပ်တာကြောင့် လေယာဉ်စီးခွင့် မရခဲ့တဲ့ မိသားစု
ကိုဗစ်ကြောင့် ကမ္ဘောဒီးယားမှာ ရေသဘင်ပွဲတော် ကျင်းပနိုင်ခြင်း မရှိ
စိန့်ကစ်နှင့်နီးဗစ် ဖက်ဒရယ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်