ဂျပန်နိုင်ငံ၊ Ninja ပြတိုက်ထဲကို လူတစု ညလယ်ခေါင် တိတ်တဆိတ် ဝင်ရောက်ပြီး ဂျပန်ယန်းငွေ ၁ သန်းကျော် ခိုးယူသွားခဲ့ပါတယ်။ ခြေလုံလွန်းတဲ့ သူခိုးတွေ ပြတိုက်ထဲ ဝင်ရောက်ခဲ့ပြီးမှ အချက်ပေးသံတွေ မြည်လာတာကြောင့် ရဲတွေ သတိထားမိခဲ့တာပါ။
Mie စီရင်စု၊ Iga မြို့မှာရှိတဲ့ Iga-ryu Ninja ပြတိုက်ထဲ သူခိုးဝင်ခိုးခံရချိန်မှာ ဝန်ထမ်တဦးမှ ရှိမနေခဲ့ပါဘူး။ နာမည်ကျော် ခရီးသွားဧည့်သည်တွေ အဝင်များတဲ့ ပြတိုက်ကို ရဲတွေ ရောက်လာချိန်မှာ အဝင်တံခါးကို ဖျက်ထားပြီး ငွေသား ထည့်သိမ်းထားတဲ့ မီးခံသေတ္တာလည်း ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။
မီးခံသေတ္တာရဲ့အလေးချိန်ဟာ ကီလို ၁၅၀ (ပေါင် ၃၃၀) နီးပါး ရှိပြီး ဧည့်သည် ၁,၀၀၀ ကျော်ရဲ့ ပြတိုက်ဝင်ခွင့် ငွေသားတွေကို ထည့်သိမ်းထားတာလည်းဖြစ်တယ်လို့ ပြတိုက်က တာဝန်ရှိသူတဦးက ဆိုပါတယ်။
“တကယ့်ကို ၃ မိနစ်လောက်ပဲ ကြာမယ့် အလုပ်ပါ။ ခိုးမယ့်သူတွေက အစီအစဉ် ဆွဲထားပြီးသား နေမယ်။ ဝင်လာတယ်၊ ချက်ချင်း ပြန်ထွက်သွားတယ်။ အကုန် အစီအစဉ်တကျ လုပ်သွားတာပါ” လို့ အမည်မဖော်လိုတဲ့ ပြတိုက် တာဝန်ရှိသူတဦးက ပြောပြပါတယ်။
ပြတိုက်ရဲ့ အဆောက်အဦ အစိတ်အပိုင်းတွေက တောအုပ်ထဲ ကြားညပ်နေတော့ ညဘက်ချိန်တွေဆို ပုန်းခိုစရာ နေရာတွေ များတယ်။ သူခိုးတွေအတွက်တော့ တကယ့် အကွက်ကောင်းပဲလို့ ဆိုပါတယ်။ ပြတိုက်က လုံခြုံရေး ကင်မရာမှာတော့ လူတယောက် ကားထဲကနေ ထွက်လာပြီး ကင်မရာတွေကို ဆွဲဖြုတ်လိုက်တာကြောင့် နောက်ပိုင်း အခြေအနေတွေကို သက်သေ မရှိခဲ့ပါဘူး။
အခု လုယက်မှုဟာ နွေရာသီအပန်းဖြေရက် ပြီးဆုံးချိန်မှာ ဧည့်သည်တွေ ပြတိုက်ဘက် လှည့်လာချိန်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေပေမယ့် ပြတိုက်ကိုလာမယ့် ဧည့်သည်တွေအတွက် ကာကွယ်ရေး အစီအမံတွေ လုပ်ပေးထားပါတယ်။
“ခုမှ ဧည့်သည်တွေ ပြန်ဝင်လာခါစ ရှိသေးတယ်။ လုယက်ခံရတော့ ဆိုးပါတယ်ဗျာ” လို့ တာဝန်ရှိသူက ပြောပြသွားပါတယ်။ အဆိုပါပြတိုက်မှာ ၁၄ ရာစုက နင်ဂျာမာစတာတွေရဲ့ စွမ်းရည်တွေကို ပြသလေ့ရှိသလို၊ ဝတ်စုံအပြည့်နဲ့ ခရီးသွားဧည့်သည်တွေကို ဖျော်ဖြေပေးလေ့ ရှိပါတယ်။
ပြတိုက်တည်ရှိရာ Iga မြို့ဟာ ဒဏ္ဍာရီလာ နာမည်ကျော် Iga clan of ninjas တွေရဲ့ ဇာတိမြို့လည်း ဖြစ်ခဲ့တယ်လို့ လူသိများပါတယ်။ နှစ်တိုင်း Iga မြို့မှာ နင်ဂျာပွဲတော်တွေ ကျင်းပလေ့ရှိပြီး ရိုးရာဝတ်စုံဝတ်ထားတဲ့ နင်ဂျာတွေရဲ့ ဖျော်ဖြေရေး၊ အဝတ်အစားနဲ့ ကိုယ်တိုင် လေ့ကျင်နိုင်တဲ့ နေရာတွေ ထားရှိပြီး ခရီးသွားအများစုကို ဆွဲဆောင်နိုင်ခဲ့ကြတာပါ။
၂၀၁၇ ခုနှစ်မှာ နိုင်ငံတကာ နင်ဂျာသုတေသန စင်တာကြီးကို တက္ကသိုလ်အဆင့် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဆိုပါ တက္ကသိုလ်မှာ နင်ဂျာပညာရပ်ကို ဆည်းပူးလေ့လာနိုင်မယ့် ကမ္ဘာ့ပထမဆုံး နေရာလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ပထမဆုံး မာစတာဘွဲ့ကို အသက် ၄၅ နှစ်အရွယ် Genichi Mitsuhashi က ရရှိခဲ့ပါတယ်။
Ref: CNN
You may also like these stories:
ကော့စတာရီကာနိုင်ငံသို့ အမေရိကန်၊ ပြည်နယ် ၆ ခုမှ ခရီးသွားများအား ဝင်ခွင့်ပြု
၂ နှစ်အရွယ် ကလေး Mask မတပ်တာကြောင့် လေယာဉ်စီးခွင့် မရခဲ့တဲ့ မိသားစု
ကိုဗစ်ကြောင့် နယူးယောက်မှာ စက်တင်ဘာ ၁၁ အထိမ်းအမှတ်ပွဲကို ဖျက်သိမ်း