အစားအသောက်နဲ့ အချိုရည်၊ ကော်ဖီဘူးတွေ အပြည့် ထည့်ထားတဲ့ Vending Machine တွေကို မြင်ဖူးကြပေမယ့် ကိုဗစ်ကာလ လူနေမှုဘဝ ပုံစံသစ်မှာတော့ ဒါတွေအပြင် တကိုယ်ရည်သုံး PPE (Personal Protective Equipment) ပစ္စည်းတွေပါ ဝယ်လို့ရတဲ့ စက်တွေ ရှိလာပါပြီ။
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့သား အသက် ၄၇ နှစ်အရွယ် Gilad Levy က Pearson နိုင်ငံတကာလေဆိပ်နဲ့ နိုင်ငံတဝှမ်းက ကုန်တိုက်တွေမှာ နှာခေါင်းစည်း Face masks ၊ လက်သန့်ဆေးရည်၊ တခါသုံးလက်အိတ်တွေ ဝယ်ယူနိုင်မယ့် PPE ဈေးဝယ်စက်တွေ တပ်ဆင်ပေးထားပါတယ်။
ငွေပေးချေစနစ် လုပ်ငန်းတခုဖြစ်တဲ့ Nayax Canada က အထွေထွေမန်နေဂျာ Levy ဟာ ကနေဒါနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်လာကတည်းက လိုအပ်တဲ့ PPE ပစ္စည်းအတွက် အခုလို ဈေးဝယ်စက်ထားဖို့ စိတ်ကူးခဲ့တာပါ။
“ကပ်ရောဂါကြီး စဖြစ်တော့ ကျနော် တတ်စွမ်းသလောက် ဘယ်လို ကူညီပေးရမလဲ စဉ်းစားကြည့်တယ်။ နောက်တော့ ကိုယ်ကျွမ်းကျင်ရာနဲ့ ပိုက်ဆံအစားထိုး Cashless စနစ် ပေါင်းစပ်ပြီး ရောင်းနိုင်မယ့် PPE ပစ္စည်း ဈေးဝယ်စက်ကို လုပ်ပေးဖြစ်ခဲ့တာပါ” လို့ Levy က ပြောပါတယ်။
အစပိုင်းမှာတော့ ကမ္ဘာ့ကပ်ရောဂါ အဆိုးဆုံးအခြေအနေတွေမှာ PPE ပစ္စည်း ဝယ်ယူဖို့ အခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ “အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ရှာဖွေပေးနိုင်ဖို့ အရေးကြီးဆုံးပါ။ လက်ရှိမှာတော့ PPE ဈေးဝယ်စက်တွေအားလုံး ကနေဒါမှာလုပ်ပြီး ထောက်ခံချက် ရရှိထားပါပြီ” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ PPE ပစ္စည်းတွေ ထုတ်လုပ်မှု ပြန်လည် လောက်ငှလာတာကြောင့် ဈေးဝယ်စက်တွေထဲ ပြန်ဖြည့်ပေးဖို့ လွယ်ကူလာတယ်လို့ Levy က ဆိုပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ လူကြီးတွေနဲ့ ကလေးငယ်လေးတွေပါ အလွယ်တကူ ဝယ်ယူနိုင်မယ့် ပုံစံမျိုးတွေ ပြောင်းလဲပေးသွားဖို့ ရှိနေပါတယ်။
လူနေမှုဘဝ ပုံစံသစ်မှာ မရှိမဖြစ် အရေးပါလာတဲ့ တကိုယ်ရည်သုံး PPE ပစ္စည်းတွေ သုံးရင်းကုန်သွားတာဖြစ်ဖြစ်၊ အိမ်က ယူမလာမိတဲ့ အခါမျိုးမှာ အများပြည်သူ အသွားအလာများတဲ့ နေရာတွေမှာ ဈေးဝယ်စက်တွေကတဆင့် အလွယ်တကူ ဝယ်နိုင်အောင် စီမံထားရှိ ပေးထားတာပါ။
ဈေးဝယ်စက်တွေကိုလည်း ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက အသိအမှတ် ပြုထားတဲ့ သန့်စင်ရေးသုံးပစ္စည်းတွေ အသုံးပြုပြီး ပုံမှန် သန့်စင်ပေးထားသလို၊ စက်ကို အသုံးမပြုခင်မှာ လက်သန့်စင်နိုင်ဖို့ လက်သန့်စင်ဆေးရည်လည်း ထားရှိပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ PPE ဈေးဝယ်စက်တွေ ရှိတာ ကနေဒါနိုင်ငံတနိုင်ငံတည်း မဟုတ်ပါဘူး။ မေလကစပြီး အမေရိကန်နိုင်ငံ၊ လပ်ဗီးဂပ်စ်မြို့က နိုင်ငံတကာလေဆိပ်မှာလည်း PPE ပစ္စည်းတွေ ဝယ်ယူနိုင်တဲ့ ဈေးဝယ်စက်တွေ ထားရှိပေးခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
ခရီးသွားတဲ့အခါ ကျန်းမာရေးအတွက် မဖြစ်မနေ ဆောင်သွားသင့်တဲ့ ဆေးဝါးများ
အလိုအလျောက် ပစ္စည်း ပို့ဆောင်နိုင်တဲ့ စက်ရုပ်ကို FedEx ပြသ