ထရမ့်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုကို အကြောင်းပြပြီး TikTok App ကို ပိတ်သိမ်းဖို့ အမိန့် ထုတ်ထားတာကြောင့် ကုမ္ပဏီဘက်က တရားစွဲဆိုသွားဖို့ရှိတယ်လို့ တုန့်ပြန်လိုက်ပါတယ်။ တရုတ်အခြေစိုက် ByteDance ကုမ္ပဏီရဲ့ TikTok ကို အမျိုးသားလုံခြုံရေး ကာကွယ်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ သမ္မတ ထရမ့်က အကြောင်းပြ အမိန့်ထုတ်ပြန်ခဲ့တာပါ။
စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားက တင်းမာမှုမြင့်မားလာချိန်မှာ သမ္မတ ထရမ့်က ၄၅ ရက်အတွင်း ByteDance ကို စီးပွားရေးလုပ်ငန်းတွေ ရပ်နားဖို့ သြဂုတ်လ ၆ ရက်နေ့က အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် ကုမ္ပဏီတခုကို နိုင်ငံအတွင်း လုပ်ဆောင်မယ့် လုပ်ငန်းတွေ ရောင်းချပေးသွားဖို့လည်း တွန်းအားပေးလိုက်ပါတယ်။
“အစိုးရဘက်က ထုတ်ပြန်ချက်ကို လုံးဝ သဘော မတူနိုင်ပါဘူး။ ကျနော်တို့ ဒီလို အချိတ်အဆက်ကောင်းတွေနဲ့ ယုံကြည်မှုတွေ ရအောင် ၁ နှစ်ကျော်လောက် ကြိုးစားခဲ့ရတာပါ။ ကျနော်တို့ ကြုံတွေ့နေရတာက ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အုပ်ချုပ်သူတွေဘက်က လုံးဝ အာရုံ မစိုက်တဲ့ပုံမျိုးပါပဲ” လို့ TikTok ဘက်က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
“ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်က ကုမ္ပဏီဘက်ကနဲ့ သုံးစွဲသူတွေအတွက် မမျှတဘူးလို့ ထင်ပါတယ်။ ကျနော်တို့ဘက်က ရွေးချယ်စရာ မရှိမှတော့ ဥပဒေကြောင်းအရ တုန့်ပြန်ရုံပဲ ရှိတော့တယ်” လို့ ဖော်ပြထားပါတယ်။
TikTok ဟာ Social Network Platform ကနေ ဗီဒီယိုအတိုတွေ မျှဝေနိုင်တဲ့ App တခုပါ။ ဆံပင်အ ခြောက်ခံတဲ့ ဗီဒီယိုကနေ ကကွက်တွေ ဒါမှမဟုတ် နေ့စဉ်ဘဝ အလွဲဟာသလေးတွေအဆုံး ကြိုက်နှစ်သက်ရာ ဝေမျှနိုင်ပါတယ်။ TikTok App ကို Download ဆွဲထားသူပေါင်း အမေရိကန်တနိုင်ငံတည်းမှာတင် ၁၇၅ သန်း ရှိပြီး တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ဘီလီယံနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့်ကတော့ တရုတ်အစိုးရဟာ အဆိုပါ App ကို အသုံးချပြီး အမေရိကန်နိုင်ငံအတွင်းကို ထောက်လှမ်း စုံစမ်းနေတယ်လို့ စွပ်စွဲထားပေမယ့် ByteDance ကုမ္ပဏီဘက်ကတော့ အမေရိကန်က အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တရုတ်အစိုးရထံ တခါမှ မပေးပို့ဖူးဘူးလို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။
သြဂုတ်လ အစောပိုင်းကစလို့ သမ္မတ ထရမ့်ဟာ TikTok ပိတ်သိမ်းဖို့ စကားဦး သမ်းလာခဲ့ပြီး Microsoft ဒါမှမဟုတ် Oracle ဟာ အမေရိကန်နိုင်ငံအတွင်း လုပ်ပိုင်ခွင့် ဝယ်ယူနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။ ထရမ့် အစိုးရက TikTok ကို အမေရိကန်ကနေ ရုပ်သိမ်းဖို့အတွက် နောက်ထပ် ရက် ၉၀ အချိန်ပေးထားပါတယ်။
Ref: Bangkok Post
You may also like these stories:
၄၅ ရက်အတွင်း TikTok နဲ့ WeChat ကို ပိတ်မယ်လို့ သမ္မတ ထရမ့် အမိန့်ထုတ်
ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ
TikTok နဲ့ WeChat အပါအဝင် တရုတ်မိုဘိုင်း App များကို အိန္ဒိယပိတ်ပင်