စင်ကာပူက ပထမဆုံး ပုရွက်ဆိတ်အရောင်းဆိုင်
ကိုယ်ဝါသနာပါရာ အလုပ်စတင်ဖို့အတွက် အလုပ်ထွက်ခဲ့တဲ့ မစ္စတာ John ဟာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ထူးထူးခြားခြား ပုရွက်ဆိတ်အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်ရိုးရာ ဆေးဆိုင်နားမှာ ကပ်ဖွင့်ထားတဲ့ သူရဲ့အရောင်းဆိုင်လေးမှာ အခုတော့ မျိုးစိတ်ပေါင်း ၃၅ မျိုးလောက် ရောင်းချပေးနေပါပြီ။
အသက် ၄၀ အရွယ်မှာ ဝါသနာပါရာ အလုပ်ကို အကောင်အထည်ဖော်ဖို့ လက်ရှိအလုပ်ကနေ John Ye တယောက် ထွက်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက စင်ကာပူနိုင်ငံမှ ဘယ်သူမှ မလုပ်ဖူးတဲ့ ပုရွက်ဆိတ်အရောင်းဆိုင်ကို ဖွင့်ဖို့အတွက်ပါ။ ဘယ်သူမှ မတွေးဖူးတဲ့ အရောင်းဆိုင်မျိုးကို ကိုယ့်ဝါသနာ တခုတည်းအတွက် ရွေးချယ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့ခြေလှမ်းက အခု ၁ နှစ် အကြာမှာတော့ လည်ပတ်စ ပြုနေပါပြီ။ “Just Ants” ဆိုတဲ့ ဆိုင်နာမည်က လွဲလို့ ဘာမှ မရေးထားပေမယ့် သေချာကြည့်ရင် ပုံးအကြီးကြီးတွေနဲ့ ထည့်ထားတဲ့ ပုရွက်ဆိတ်တွေကို တွေ့ရမှာပါ။
“ဒီပုရွက်ဆိတ် အရောင်းဆိုင်က စင်ကာပူမှာ ပထမဆုံးပဲဗျ။ အခုဆိုရင် အမျိုးအစားပေါင်း ၃၀ ကနေ ၃၅ မျိုးလောက်ထိ ရောင်းပေးနေပါတယ်” လို့ မစ္စတာ John က သူ့ဆိုင်အကြောင်း ရှင်းပြပါတယ်။ ဆိုင်အပြင်မှာတော့ ပုရွက်ဆိတ် ၁၀ အုပ်စုလောက်ကို မှန်ပုံးအကြီးတွေနဲ့ ခင်းကျင်းပြသထားပြီး ဆိုင်အနောက်ထဲမှာတော့ မှန်ပုံး အသေးလေးတွေနဲ့ မွေးမြူထားပါသေးတယ်။
စပြီး မွေးချင်သူတွေအတွက် Starter tube kit ကို စင်ကာပူဒေါ်လာ ၁၂ ရှိပြီး၊ အကောင် ၂၀ ၊ ၃၀ လောက် အုပ်စုလိုက်ကြီး ဝယ်ချင်ရင် တန်ဖိုး စင်ကာပူဒေါ်လာ ၂၀ လောက်ထိ ရှိပါတယ်။ ရှားပါးအုပ်စုတွေထဲက ဝယ်ယူချင်ရင်တော့ စင်ကာပူဒေါ်လာ ၅၀ ကနေ ၆၀ ကြားလောက်ထိ ရှိတယ်လို့ ဆိုင်ရှင် မစ္စတာ John က ဆိုပါတယ်။
သူဟာ ပုရွက်ဆိတ် မွေးရတာကို ဝါသနာပါပြီး လုပ်လက်စ လျှပ်စစ်ပစ္စည်း လက္ကားအရောင်းဆိုင်ကနေ ၂၀၁၉ ခုနှစ် အစောပိုင်းလောက်က အလုပ်ထွက်ကာ ဒီဆိုင်ကို ဖွင့်ဖို့ဖြစ်လာခဲ့တာပါ။
“အစကတော့ ဝါသနာ နည်းနည်းပါးပါးကနေ နောက်တော့ တဖြည်းဖြည်း သူတို့အကြောင်း သေချာသိလာလေ စိတ်ဝင်စားလေ ဖြစ်လာတယ်။ ဒါကြောင့် ကျနော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ပုရွက်ဆိတ်အရောင်းဆိုင် ဖွင့်ကြည့်မယ်ဆိုရင် စဉ်းစားမိလိုက်တယ်” လို့ မစ္စတာ John က ပြောပြပါတယ်။
တနှစ်ကြာ ထိန်းသိမ်းရောင်းချနေတဲ့ ပုရွက်ဆိတ် မှန်ပုံးထဲမှာ အခုတော့ အကောင်ပေါင်း ၁ သောင်းကနေ ၂ သောင်းကြားလောက် ရှင်သန် ပေါက်ဖွားနေပါတယ်။ မစ္စတာ John ကတော့ ပုရွက်ဆိတ်တွေအကြောင်းကို ၂၀၁၇ ခုနှစ်လောက်က ဝါသနာပါလာခဲ့တာပါ။
“ကျနော် အွန်လိုင်းကနေ ဗီဒီယိုတွေ ကြည့်ရင်း တွေ့လာတာပါ။ စင်ကာပူအတွက်တော့ အထူးအဆန်း ဖြစ်နေပေမယ့် အမေရိကန်နဲ့ ကနေဒါမှာ တကယ့်ကို ဝါသနာရှင်တွေ အများကြီး ရှိနေပါတယ်။ ကနေဒါမှာဆိုရင် ပုရွက်ဆိတ်နဲ့ ပတ်သက်တဲ့ နာမည်ကြီး ရုပ်သံလိုင်းတောင် ရှိတာပါ” လို့ သူက ဆိုပါတယ်။
Ref: Channel News Asia
You may also like these stories:
သမ္မတ ထရမ့်ကို TikTok ကုမ္ပဏီဘက်က တရားစွဲမည်
ဂျပန်မှာ Ninja ပြတိုက်ထဲက ယန်းငွေ ၁ သန်းကျော် ခိုးယူခံရ
007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား