ကိုဗစ်ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖာထေးနိုင်ဖို့အတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျှော့ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ ထိုင်းအစိုးရအနေနဲ့ COVID-19 ကူးစက်မှု နည်းပါးတဲ့ နိုင်ငံတွေက ခရီးသွားတွေကို ပြန်လည် လက်ခံဖို့ အစီအစဉ် ရေးဆွဲလျက်ရှိကြောင်း ကြေညာခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကလည်း နိုင်ငံတွင်း ဝင်ရောက်လာကြမယ့် နိုင်ငံခြားသား ခရီးသွားတွေ လည်ပတ်ဖို့ သင့်တော်တဲ့ ဒေသတွေကို ထိုင်း COVID-19 အန္တရာယ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနချုပ်နဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ချိန်မှာတော့ လူဦးရေ ကန့်သတ်ချက်နဲ့သာ လက်ခံသွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိလာမယ့် နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ခရီးသွားဇုန်မှာသာ နေထိုင်ရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ကောင်းမွန်လာဖို့ နိုင်ငံခြားသား ခရီးသွားတွေ မရှိမဖြစ် လိုအပ်နေပါတယ်။ ထိုင်းအစိုးရက ဘာတခုမှ ဆောင်ရွက်မပေးဘူးဆိုရင် ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ် နေတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကို ပိတ်ပစ်ရမှာဖြစ်သလို အလုပ်လက်မဲ့ ဦးရေကလည်း မြင့်တက်လာဖို့ ရှိနေပါတယ်။
ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ ခရီးသွား ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး သင့်တော်တဲ့ စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲတခုဖြစ်တဲ့ ကူးစက်ရောဂါဌာနက Sophon Iamsirithawon ကလည်း ထိုင်းနိုင်ငံမှာ မတ်လ ၂၅ ရက်နေ့ကစပြီး ပြည်တွင်း ကူးစက်မှု မရှိခဲ့တဲ့ အတွက် အခုဆိုရင် ရက်ပေါင်း ၉၀ ကျော်လာခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ကန့်သတ်ချက်တွေက ချောချောမွေ့မွေ့ ရှိနေပေမယ့်လည်း ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင်တော့ တင်းကျပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားသင့်သေးတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်ချိန်မှာလည်း ကန့်သတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ထိုင်းအစိုးရကတော့ လာမယ့် အောက်တိုဘာလက စပြီး နိုင်ငံခြားသား ခရီးသွားတွေကို လက်ခံနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ခရီးသွားလုပ်ငန်းအတွက် အဓိက ပစ်မှတ်ထားပြီး ဆောင်ရွက်မယ့် နိုင်ငံတွေကတော့ COVID-19 ကူးစက်မှု နည်းပါးတဲ့ နိုင်ငံတွေကနေ ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူလိုသူတွေနဲ့ ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံကို လာရောက်လိုသူတွေပဲ ဖြစ်ကြတယ်လို့ သိရပါတယ်။
Ref: chiangraitimes
You may also like these stories:
မလေးရှားမှာ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်
နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်