အိန္ဒိယရေပိုင်နက်ထဲက လူနည်းစုသာ ကျန်ရှိတော့တဲ့ အန္ဒမန်ကျွန်း (ကပ္ပလီကျွန်း) နဲ့ နီကိုဘားကျွန်းတွေမှာ နေထိုင်တဲ့ မျိုးနွယ်စုဝင်တွေမှာ COVID-19 ကူးစက်မှုအသစ် တွေ့ရှိခဲ့ရပါတယ်။ လူဦးရေ ၅၃ ယောက်သာ ကျန်ရှိတော့တဲ့ အန္ဒမန်မျိုးနွယ်စုတွေ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပျောက်ကွယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
တပတ်အတွင်းမှာပဲ အန္ဒမန်မျိုးနွယ်စုထဲက နောက်ထပ် ၄ ယောက် ကိုရိုနာဗိုင်းရပ်စ် ထပ်မံ ကူးစက်ခံလိုက်ရတယ်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ဒီကျွန်းသားတွေဟာ ပင်လယ်ထဲမှာ လှည့်လည် သွားလာနေကြသူတွေပါ။ အခုတော့ သူတို့ရဲ့နေရပ် Port Blair ကို ပြန်လာနေကြပါပြီ။
အန္ဒမန်နဲ့ နီကိုဘား ကျွန်းတွေပေါ်က COVID-19 ရောဂါ ကာကွယ်စောင့်ကြည့်ရေး တာဝန်ခံ ဒေါက်တာ Avitjit Roy ရဲ့ ပြောပြချက်အရ လူဦးရေ ၅၃ ယောက်သာ ကျန်ရှိတော့တဲ့ အန္ဒမန်မျိုးနွယ်စုတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြည့်လိုက်တဲ့အခါ နောက်ထပ် ၄ ယောက် ကူးစက်ခံရတာကို တွေ့ရှိခဲ့ပါတယ်။
ယခင်လ နောက်ဆုံး ဆေးစစ်ထားချက်က Port Blair မှာနေတဲ့ မျိုးနွယ်စုတွေထဲမှာ ၆ ယောက်လောက် ရောဂါ ကူးစက်ခံထားရတာ တွေ့ရှိခဲ့ပါတယ်။
“ဒီနေရာမှာ နေထိုင်ကြသူ အများစုဟာ သီးသန့်လို ဖြစ်နေပေမယ့် ရောဂါ ကူးစက်နိုင်ချေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရေးပေါ်အခြေအနေ မဖြစ်လာအောင် ကျွန်းပေါ်မှာ နေထိုင်သူ အကုန်လုံးကို ဆေးစစ်ကြည့်လိုက်တော့ နောက်ထပ် ၄ ယောက် ဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိခဲ့တယ်” လို့ ဒေါက်တာ Roy က ဆိုပါတယ်။
ရောဂါ ထပ်မံ ကူးစက်ထားသူ ၄ ယောက်လုံးကို Port Blair မှာရှိတဲ့ Govind Ballabh Pant ဆေးရုံမှာ တင်ထားပြီး အခြေအနေ တည်ငြိမ်မှု ရှိတယ်လို့ ဆိုပါတယ်။ အန္ဒမန်နဲ့ နီကိုဘားကျွန်းတွေပေါ်မှာ နေထိုင်သူတွေ COVID-19 ကူးစက်ခံထားရတာ စုစုပေါင်း ၃,၀၀၀ ကျော်သွားပါပြီ။ ၂,၂၃၁ ယောက်ပြန်လည် သက်သာလာပြီး ၃၇ ယောက် သေဆုံးခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူတွေကတော့ လူနည်းစု မျိုးနွယ်ဝင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် အန္ဒမန်၊ ဂျာရာဝါနဲ့ ရှောန်ပန်းမျိုးနွယ်စုတွေမှာ လူနည်းစုသာ ကျန်ရှိတော့တာကြောင့် စောင့်ကြည့် ကာကွယ်ပေးဖို့ လိုအပ်နေပါတယ်။
ကျန်းမာရေး တာဝန်ရှိသူတွေဘက်ကလည်း ကျွန်းပေါ်မှာ သီးသန့် နေထိုင်ကြတဲ့ မျိုးနွယ်စုတွေအတွက် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေသလို၊ ကျွမ်းကျင်ပညာရှင်တွေ စေလွှတ်ပြီး အမြဲမပြတ် စောင့်ကြည့် ကုသပေးနေတယ်လို့ ဒေါက်တာ Roy က ပြောပြပါတယ်။
Ref: The Indian Express
You may also like these stories:
တောင်အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာ
ပြင်သစ်မှာ ကိုဗစ် ဒုတိယလှိုင်း နိုဝင်ဘာလအတွင်း ဖြစ်ပွားနိုင်