COVID-19 ရောဂါဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာတဝှမ်းနီးပါး ရောဂါကူးစက်ခံနေရပါတယ်။
တရုတ်နိုင်ငံမှာ COVID-19 ဖြစ်ပွားပြီးနောက် ဇန်နဝါရီလလောက်ကစပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ ရှိခဲ့ပါတယ်။ အစိုးရရှေ့နေရုံးရဲ့ ပြောကြားချက်အရ COVID-19 နဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု ကျူးလွန်သူ ၅၈၀၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုဗစ် ရာဇဝတ်မှု ကျူးလွန်သူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ၊ ကောင်းမွန် မှန်ကန်ခြင်း မရှိတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ရောင်းချသူ၊ ခရီးသွားရာဇဝင်ကို လိမ်လည် ပြောဆိုသူတွေ ပါဝင်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတွင်း Mask ဈေးတင်ရောင်းချသူတွေလည်း များပြားလာခဲ့ပါတယ်။ ကပ်ရောဂါ ကာလအတွင်း ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ ဈေးတင်ရောင်းချခဲ့သူတွေကိုလည်း တရုတ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဈေးဆိုင်ပိုင်ရှင်တွေလည်း ပါဝင်ပါတယ်။
အမှုတခုမှာဆိုရင် Mask မတပ်ဘဲ ဈေးလာဝယ်သူ တယောက်ကို ဆိုင်ရှင်က ရိုက်နှက်ခဲ့ပါတယ်။ ဆိုင်ရှင် ရိုက်နှက်ခဲ့တဲ့ ဒဏ်ကြောင့် အဲဒီလူဟာ သေဆုံးခဲ့ရပါတယ်။ နောက်အမှု တခုကတော့ ကျန်းမာရေးဝန်ထမ်း တယောက်ကို အကြောင်းမဲ့ ကားနဲ့ တက်ကြိတ်တဲ့ အမှု ဖြစ်ပြီး နောက်ထပ် အမှုတခုကတော့ ကိုယ်အပူချိန် တိုင်းတာပေးတဲ့ ကျန်းမာရေးဝန်ထမ်းကို ဓားနဲ့ ထိုးမှုပါ။
ကိုဗစ် ရာဇဝတ်မှုတွေထဲမှာ အဆိုးဆုံးကတော့ ကျန်းမာရေး ရန်ပုံငွေတွေကို လုယူခဲ့တဲ့ ဖြစ်ရပ်တွေပါ။ တရုတ်နိုင်ငံက လူတချို့ဟာ ကိုဗစ်ကာလအတွင်း ကိုဗစ်လူနာတွေအတွက် ကောက်ခံထားတဲ့ ရန်ပုံငွေတွေကို လုယူခဲ့ကြပါတယ်။
အစိုးရရှေ့နေရုံးရဲ့ သြဂုတ်လ ၂၇ ရက် အစီရင်ခံစာအရ ဇန်နဝါရီလကနေ ဇူလိုင်လအထိ လူပေါင်း ၆,၇၅၅ ယောက်ကို COVID-19 ရာဇဝတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး လူပေါင်း ၅,၇၉၇ ယောက်ကို ရာဇဝတ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ အစီရင်ခံစာထဲမှာတော့ ဖမ်းဆီးခံရသူတွေဟာ ထောင်ကျခြင်း ရှိ၊ မရှိ မဖော်ပြထားပါဘူး။
လွန်ခဲ့တဲ့ရက်တွေစပြီး တရုတ်နိုင်ငံမှာ ပြည်တွင်း ကူးစက်မှု မရှိသေးပေမယ့် စူပါမားကတ်၊ ရုပ်ရှင်ရုံနဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေမှာ လိုက်ပါတဲ့အခါ မဖြစ်မနေ Mask တပ်နေရဆဲပါပဲ။
Ref: CNA
You may also like these stories:
တရုတ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ပြန်မြင့်တက်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ဖုန်းဈေးကွက် ရောင်းအား ထက်ဝက်ကျော် ကျဆင်း