ဟိမဝန္တာ ဘုရင့်နိုင်ငံဖြစ်တဲ့ ဘူတန်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုကို အလေးအနက်ထားတဲ့ နိုင်ငံဖြစ်သလို ၁၉၉၉ ခုနှစ် မတိုင်ခင်ကာလအထိ ရုပ်မြင်သံကြား ကြည့်ရှုခွင့်ကို ပိတ်ပင်ထားခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်လည်း ဘူတန်နိုင်ငံဟာ ရုပ် မြင်သံကြားနဲ့ အင်တာနက်ကို နောက်ကျပြီးမှ အသုံးပြုခွင့်ရခဲ့တဲ့ နိုင်ငံပါ။
ဘူတန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ၁၉၇၄ ခုနှစ်မှာ စတင်ခဲ့တယ်ဆိုပေမယ့် ဘူတန်အစိုးရနဲ့ ပြည်သူတွေဟာ သူတို့နိုင်ငံ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာတွေကို ထိခိုက်မှာ အလွန်အမင်း စိုးရိမ်လေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းမှာ ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တိဘက်နဲ့ အိန္ဒိယနိုင်ငံအကြားမှာ တည်ရှိနေတဲ့အတွက်ကြောင့်လည်း ဘူတန်နိုင်ငံရဲ့ယဉ်ကျေးမှုတွေက အဲဒီနိုင်ငံတွေကနေ မြစ်ဖျားခံ စီးဆင်းလာခဲ့ပါတယ်။ ထူးခြားချက်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ ဘူတန်နိုင်ငံဟာ အမျိုးသမီးတွေကို ဦးစားပေးလေ့ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
နိုင်ငံတချို့မှာ ဘာသာရေးအရ “အမျိုးသမီး မဝင်ရ”ဆိုတဲ့ သတ်မှတ်ချက်တွေ ပြဋ္ဌာန်းတတ်ကြပေမယ့် ဘူတန်နိုင်ငံမှာတော့ အဲဒီလို ကန့်သတ်ချက်မျိုး မရှိပါဘူး။ အမျိုးသမီးတွေကို အထူးအလေးပေးလေ့ ရှိတဲ့အတွက်ကြောင့် ဘူတန်အမျိုးသမီးတွေဟာ တခြားနိုင်ငံက အမျိုးသမီးတွေထက် ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ ရှိကြပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံအများစုမှာ ဆေးလိပ်သောက်တာကို ဒုစရိုက်မှုအဖြစ် သတ်မှတ်လေ့ရှိတဲ့အတွက် ၁၇၂၉ ခုနှစ်ကစပြီး ဆေးရွက်ကြီး ထိန်းချုပ်မှု ဥပဒေကို ဘူတန်နိုင်ငံမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဆေးရွက် ကြီးဟာ နတ်ဆိုးရဲ့သွေးကနေ ကြီးထွားလာတဲ့အတွက် အသုံးပြုဖို့ မသင့်တော်ဘူးလို့ ယူဆခဲ့ကြပါ တယ်။ ဒါကြောင့်လည်း ၂၀၁၀ ခုနှစ်ကစပြီး ဆေးရွက်ကြီး ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူး ခြင်းတွေကို ဥပဒေနဲ့ တားမြစ်ခဲ့ပါတယ်။
ဘူတန်နိုင်ငံမှာ ဆေးရွက်ကြီးနဲ့ ဆေးလိပ် ရောင်းချနေတာ ဖမ်းမိခဲ့ရင်လည်း ထောင် ၃ နှစ်ကနေ ၅ နှစ်အထိ ကျနိုင်သလို တရားဝင် တင်သွင်းမယ်ဆိုရင်လည်း အခွန်အဖြစ် ငွေများစွာ ပေးဆောင်ရလေ့ ရှိပါတယ်။ ဆေးလိပ်သောက်သူတွေအနေနဲ့ ဘူတန်အစိုးရကို ပေးဆောင်ဖို့ ငွေကြေး မတတ်နိုင်ကြတော့ ဘူတန် – အိန္ဒိယ နယ်စပ်မှာ ဆေးလိပ် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာပါတော့တယ်။
ဘူတန်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်သူ ၃ ဒဿမ ၆ သန်းကျော် ရှိနေပြီး ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု တတိယ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဘူတန်အစိုးရ ကတော့ ကူးစက်မှု မြင့်မားနေတဲ့ အိန္ဒိယကို ၂၀၂၀ အစောပိုင်းကတည်းက ပြည်ဝင်ခွင့် ပိတ်လိုက်ပြီး နယ်စပ်တွေကနေလည်း ဖြတ်သန်းခွင့် မပြုတော့ပါဘူး။
နယ်စပ်တွေ ပိတ်လိုက်တဲ့ အတွက်ကြောင့်လည်း ဆေးရွက်ကြီး ဈေးနှုန်းက ၄ ဆအထိ မြင့်တက်သွားခဲ့ပါတယ်။ တချို့တွေကတော့ ဆေးရွက်ကြီးတွေ ခိုးကြောင်ခိုးဝှက်နဲ့ ဘူတန်နိုင်ငံကို တင်ပို့နေဆဲပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာတော့ ဘူတန်နယ်စပ်မြို့ ဖြစ်တဲ့ Phuentsholing မြို့မှာ နေထိုင်ပြီး အိန္ဒိယကဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ကိုင်တွယ်သူ ဘူတန်နိုင်ငံသားတယောက် COVID-19 ကူးစက်ခံခဲ့ရပါတယ်။
မှောင်ခိုပစ္စည်း တင်သွင်းမှုတွေကနေတဆင့် ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် အစိုးရ အခွန်လွတ်ဆိုင်တွေကနေ ဆေးရွက်ကြီးနဲ့ ဆေးလိပ်ဝယ်ယူခွင့်ကို ဘူတန်အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ၁၀ နှစ်ကြာ ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေကို ဘူတန်အစိုးရက ရုတ်သိမ်းပေးခဲ့ပါတယ်။
ဘူတန်နိုင်ငံဝန်ကြီးချုပ် Lotay Tshering ကတော့ အစိုးရ အခွန်လွတ်ဆိုင်တွေကနေ ဆေးရွက်ကြီးနဲ့ ဆေးလိပ် ဝယ်ယူခွင့်ဟာ ယာယီပြဋ္ဌာန်းချက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ ဆေးရွက်ကြီးနဲ့ ဆေးလိပ်ကို တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းအမျိုးအစားထဲ ထည့်သွင်းပေးထားပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်မှာပဲ COVID-19 ကူးစက်မှုကြောင့် ဘူတန်နိုင်ငံကို ပထမဆုံးအကြိမ် Lockdown ချခဲ့ပါတယ်။ Lockdown ချပြီးတဲ့နောက် ဆေးလိပ်သောက်သူတွေနဲ့ မိသားစုဝင်တွေအကြား အိမ်တွင်းတင်းမာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဘူတန်အစိုးရက ဆေးလိပ်သောက်ခွင့်ကို တရားဝင် ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။
ဘူတန်မြို့တော် သင်ဖူမြို့ (Thimphu) မှာရှိတဲ့ အကောက်ခွန် ကင်းလွတ်ခွင့် ဆိုင်တဆိုင်က မန်နေဂျာ Dechen Dema က စီးကရက် အော်ဒါမှာကြားတဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေ တနေ့ကို အကြိမ် ၁၀၀၀ နီးပါးရှိနေပြီး မနက် ၈ နာရီကနေ ညဉ့်နက်တဲ့အထိ စီးကရက် အော်ဒါတွေ ပို့ပေးနေရတယ်လို့ ပြောပါတယ်။
စီးကရက်အော်ဒါတွေ များလွန်းတဲ့အတွက်ကြောင့်လည်း ထမင်းစားချိန်တောင် မရဘူးလို့ AFP သတင်းဌာနကို သူမက ဖြေကြားခဲ့ပါတယ်။ ဘူတန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၂၂၄ ယောက်၊ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့သူ ၁၄၀ ယောက် ရှိနေပြီး သေဆုံးမှု မရှိပါဘူး။
Ref:aljiazeera
You may also like these stories:
တကျော့ပြန် ကိုဗစ်ကြောင့် တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ပိတ်
ကူးစက်မှု ၁၀ ဆမြန်တဲ့ ကိုဗစ်သန္ဓေပြောင်းပိုး အရှေ့တောင်အာရှနိုင်ငံတွေကို ကူးစက်လာ
ပြင်သစ်နဲ့ ဂျာမနီမှာ ကိုဗစ် ကူးစက်မှုများ ပြန်မြင့်တက်လာ