COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စာသင်ကျောင်းတွေကို စက်တင်ဘာလ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
ဝူဟန်မြို့မှာ ပြည်တွင်း ကူးစက်မှုတွေ မရှိတော့တဲ့အတွက် မြို့နယ်နိမိတ်အတွင်းမှာရှိတဲ့ ကျောင်းတွေ အားလုံးနဲ့ မူကြိုကျောင်းတွေကို ပြန်ဖွင့်တော့မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဝူဟန်မြို့ အာဏာပိုင်တွေက ပြည်သူတွေကို အသိပေးခဲ့ပါတယ်။ အသိပေးခဲ့တဲ့အတိုင်း ဒီကနေ့ ဝူဟန်မြို့အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းလုံးနီးပါး COVID-19 အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကတော့ တည်ငြိမ်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ သြဂုတ်လအတွင်း ကမ္ဘာ့ နိုင်ငံတချို့မှာ ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့ပေမယ့် တရုတ်နိုင်ငံမှာတော့ နှာခေါင်းစည်း မတပ် ထားတဲ့ လူအများအပြား ရေကူးကန်ပါတီကို ဆင်နွှဲခဲ့ကြပါတယ်။
ကမ္ဘာတဝှမ်းက မြို့တွေမှာ ကိုဗစ် ဒုတိယလှိုင်းကို ရင်ဆိုင်နေရပြီး Lockdown ချတာမျိုးတွေဆောင်ရွက်နေရပေမယ့် ဝူဟန်မြို့မှာတော့ ပြည်တွင်း ကူးစက်မှုတွေဟာ မေလလောက်ကတည်းက ဖြစ်ပွားတာမျိုး မရှိတော့ပါဘူး။
ဝူဟန်မြို့မှာ စာသင်ကျောင်းပေါင်း ၂၈၄၁ ကျောင်း ရှိနေပြီး ကျောင်းသားပေါင်း ၁ ဒသမ ၄ သန်း နီးပါး ရှိနေပါတယ်။ သင်ခန်းစာတွေ ပြန်လည် စတင်ချိန်မှာ အပြောင်းအလဲ ဖြစ်လာခဲ့မယ်ဆိုရင်လည်း အွန်လိုင်းသင်ကြားရေးစနစ်ကို အရေးပေါ် ပြောင်းလဲနိုင်ဖို့ ဒေသခံအာဏာပိုင်တွေက စီစဉ်ထားတယ်လို့ သိရပါတယ်။
စာသင်ကျောင်းကို ပြန်လာကြမယ့် ကျောင်းသားတွေအနေနဲ့ နှာခေါင်းစည်း တပ်ဖို့သလို ဖြစ်နိုင်ရင်တော့ အများသုံးယာဉ်တွေ အသုံးမပြုကြဖို့ ဒေသခံအာဏာပိုင်တွေက အကြံပြုထားပါတယ်။
စာသင်ကျောင်းတွေ ပြန်ဖွင့်လှစ်ပြီးနောက်ပိုင်း ရောဂါကူးစက်မှုတွေ ရှိလာခဲ့ရင် အမြန်ဆုံး ထိန်းချုပ်နိုင်ရန် ရောဂါထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းတွေကို စုဆောင်းထားဖို့ စာသင်ကျောင်းတွေကို ဒေသခံအာဏာပိုင်တွေက ညွှန်ကြားထားပြီး မလိုအပ်ဘဲ လူစုဝေးတာမျိုး မပြုလုပ်ကြဖို့ကိုလည်း ညွှန်ကြား ထားတယ်လို့ သိရပါတယ်။
ကျောင်းသားတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနကို နေ့စဉ် အစီရင်ခံစာ ပို့ပေးရမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
ဝူဟန်မြို့က ကျောင်းတွေ ပြန်လည် ဖွင့်လှစ်လိုက်ပေမယ့် ကျောင်းပြန်တက်ဖို့ မှတ်ချက် တစုံတရာ မရရှိသေးတဲ့ နိုင်ငံခြားသား ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေကိုတော့ လာရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Ref: Reuters
You may also like these stories:
အိန္ဒိယမှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှု ၇ သောင်းကျော်နဲ့ စံချိန်တင်
အမေရိကန်မှာ ကိုဗစ် ကူးစက်သူ ၆ သန်းကျော် ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်