မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှု မြင့်တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံ နယ်စပ်တွေမှာ လုံခြုံရေး တိုးမြှင့်ထားခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် လုံခြုံရေး တိုးမြှင့် ချထားပေမယ့်လည်း မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်သူတွေ ရှိနေတဲ့အတွက် ဆက်တိုက် ဆိုသလို ဖမ်းဆီး ထိန်းသိမ်းနေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂ နိုင်ငံကြားမှာရှိတဲ့ သောင်ရင်းမြစ်ကနေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ကိုယ်အပူချိန် မြင့်တက်နေသူ ၂ ယောက် ပါဝင်နေတဲ့အတွက် မဲဆောက် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ၂ ယောက်ဟာ COVID-19 ကူးစက်ထားတဲ့သူတွေ ဟုတ်၊ မဟုတ်ကိုတော့ မသိရသေးပါဘူး။ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေကို တားဆီးနိုင်ဖို့ ထိုင်းနိုင်ငံက လုံခြုံရေး တိုးမြှင့်ထားပေမယ့်လည်း ပစ်ခတ် ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင် လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်ဟာ Thong Pha Phum ခရိုင်က နေအိမ် တအိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအိမ်မှာ နေထိုင်ခဲ့စဉ် ထိုင်းနိုင်ငံက စာသင်ကျောင်း တကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသား ၃ ယောက်နဲ့ နီးနီးကပ်ကပ် ထိတွေ့မှုတွေ ရှိခဲ့ပါတယ်။ အဆိုပါ ကျောင်းသား ၃ ယောက်ဟာ ကျောင်းသား ၈၅၇ ယောက်နဲ့ ဆရာ ၄၅ ယောက်ရှိတဲ့ Ban Kui Yae ကျောင်းမှာ ကျောင်းတက်နေသူတွေ ဖြစ်ကြပါတယ်။
တရားမဝင် မြန်မာလုပ်သားတွေဟာ သြဂုတ်လ ၂၃ ရက်မှာ ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး အဆိုပါ ကျောင်းသား ၃ ယောက် နေထိုင်တဲ့ အိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာတော့ မြန်မာလုပ်သား ၂ ယောက် ဖျားနာတဲ့အတွက် Kui Yae ဆေးရုံကို သွားရောက်ခဲ့ပါတယ်။
ဆေးရုံကို ရောက်ရှိစစ်ဆေးချိန်မှာတော့ ကိုယ်အပူချိန် မြင့်နေတာ တွေ့ရှိခဲ့ပြီး COVID-19 သံသယလူနာအဖြစ် Thong Pha Phum ကျန်းမာရေးဌာနကို ဆေးရုံဝန်ထမ်းတွေက အကြောင်းကြားခဲ့ပါတယ်။
အဆိုပါ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့သလို COVID-19 စစ်ဆေးဖို့ Thong Pha Phum ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ကျောင်းသား ၃ ယောက်ကိုတော့ နေအိမ်မှာပဲ သီးခြား ခွဲထားပြီး ၁၄ ရက် စောင့်ကြည့်သွားပါမယ်။
မြန်မာနိုင်ငံသား ၃ ယောက်ဆီက COVID-19 အဖြေရတဲ့အထိ အဆိုပါ ကျောင်းသား ၃ ယောက် ပညာသင်ယူနေတဲ့ စာသင်ကျောင်းကို စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ပိတ်ထားမယ်လို့ သိရပါတယ်။
Ref: Bangkokpost, thethaiger
You may also like these stories:
ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မှာ စာသင်ကျောင်းများ ပြန်ဖွင့်ပြီ
အိန္ဒိယမှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှု ၇ သောင်းကျော်နဲ့ စံချိန်တင်
အမေရိကန်မှာ ကိုဗစ် ကူးစက်သူ ၆ သန်းကျော် ရှိလာ