အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က အသက် ၁၀ နှစ်အရွယ် ကောင်လေး Brady Snakovsky ဟာ ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့နိုင်အောင် ရည်ရွယ်ပြီး အလှူငွေ မတည်ပေးနိုင်ခဲ့ပါတယ်။ မိသားစုနဲ့အတူ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရှိုးတခုကြည့်ရင်း ရဲခွေးတွေမှာ ကျည်ကာဝတ်စုံ မရှိတာကို သတိပြုမိခဲ့တာပါ။
Brady ဟာ ရဲခွေးတွေမှာ ကျည်ကာဝတ်စုံ မရှိတာကို ကူညီပေးနိုင်ဖို့ စဉ်းစားခဲ့ပါတယ်။ သူအရင်က ကြည့်ခဲ့တဲ့ ရှိုးမှာတည်းက K-9 ရဲခွေးတွေမှာ သူတို့သခင် ရဲဝန်ထမ်းတွေလို ကျည်ကာ မရှိတာကို တွေ့ခဲ့ရပါတယ်။
“ကျမတို့လည်း သူနဲ့ အတူတူ ဒီရှိုးကို ကြည့်ခဲ့ကြတာပါ။ ခွေးတွေမှာ ကျည်ကာဝတ်စုံ ပါ၊ မပါ ဆိုတာ သတိမထားမိခဲ့ဘူး” လို့ Brady ရဲ့ မိခင်ဖြစ်သူ Leah Tornabene က ပြောပြပါတယ်။
“အသက် ၈ နှစ်အရွယ် ကလေးလေးက ဒီလောက်ထိ သတိထားမိတာကို အံ့သြမိတယ်။ နောက်ပြီး သူက ဘယ်လိုလုပ်ပေးရမလဲ အမြဲစဉ်းစားနေခဲ့တာ။ အခုတော့ ကျမသားအတွက် အရမ်းဂုဏ်ယူမိတယ်” လို့ ဆိုပါတယ်။
Brady ဟာ K-9 ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့နိုင်အောင် GoFundMe Page ကို ထောင်ပြီး ရဲခွေးတွေနဲ့ စစ်တပ်သုံးခွေးတွေအတွက် ကျည်ကာဝတ်စုံ အလှူငွေ ကောက်ခံပေးခဲ့ပါတယ်။ ပထမဆုံးတကြိမ်မှာ ကျည်ကာဝတ်စုံ ၄ စုံ စတင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Brady ကောက်ခံပေးတဲ့ အလှူငွေ များလာပြီး အမေရိကန်ဒေါ်လာ ၃၁၅,၀၀၀ ထိရလာကာ ကျည်ကာဝတ်စုံ ၂၅၇ စုံ ထပ်မံ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံနဲ့ အမေရိကန်ပြည်နယ် ၂၃ ခုက ရဲ ခွေးတွေအတွက် ကျည်ကာဝတ်စုံ လှူဒါန်းခဲ့သလို၊ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ် သုံးခွေးတွေအတွက်လည်း ကျည်ကာဝတ်စုံ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
Brady မေမေ Tornabene ရဲ့ပြောပြချက်အရ လူတော်တော်များများက ရဲဌာနက K-9 units ဟာ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေကြောင်းကို သိပ်မသိကြဘူးလို့ ဆိုပါတယ်။ Brady ထောက်ပံ့ပေးတာကို ရဲဝန်ထမ်းတွေ လူကိုယ်တိုင်ရော၊ Brady’s website ကတဆင့် ကျေးဇူးတင်ကြောင်း လာပြောပေးကြပါတယ်။
Brady လှူဒါန်းပေးခဲ့တဲ့ ရဲခွေးတွေ အများကြီးရှိတဲ့ထဲက သူအချစ်ဆုံးကတော့ K-9 Benny ပါ။ “ကျနော် အချစ်ဆုံးကတော့ K-9 Benny ပါ။ ကျည်ကာဝတ်စုံ သွားလှူတုန်းကဆိုရင် သူ့ကိုထိန်းပေးတဲ့ ရဲဝန်ထမ်းက ကျေးဇူးတင်လို့ ငိုတောင်ငိုနေတယ်” လို့ Brady က ပြောပြပါတယ်။
နောက်ထပ် မွေးရပ်မြေ အိုဟိုင်းယိုးနားက Brunswick မှာ ရဲခွေးတွေကို ထရိန်နင် ပေးနိုင်ဖို့အတွက် နေရာတခု စတင် အကောင်အထည် ဖော်နေပါပြီ။ တချို့ရဲခွေးတွေမှာ လေ့ကျင့်ဖို့အတွက် နေရာမရှိတာကြောင့် လုပ်ပေးဖြစ်ခဲ့တာလို့ Brady က ဆိုပါတယ်။
နောက်ထပ်လည်း ရလာမယ့် အလှူငွေတွေကနေ ရဲခွေးတွေကို တတ်နိုင်သလောက် ထောက်ပံ့ ကူညီပေးသွားဦးမယ်လို့ ပြောပြပါတယ်။
Ref: edition.cnn
You may also like these stories:
အွန်လိုင်းပေါ်က ကိုဗစ် သတင်းမှားတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ
တောင်ကိုရီးယားမှာ မှန်လုံခန်း ကားမှတ်တိုင်များ ထားရှိ
ကိုဗစ် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ လူထောင်ပေါင်းများစွာကို တရုတ်မှာ ဖမ်းဆီး