Trend

ထိုင်ဝမ် ပတ်စပို့ကို ပုံစံအသစ် ပြောင်းလဲမည်

ထိုင်ဝမ်ဟာ COVID-19 ကာလအတွင်း နိုင်ငံသားတွေ တခြားတိုင်းပြည်တွေဆီ ဝင်ရောက်ခွင့်အခက်အခဲ တွေ့နေတာကြောင့် ထိုင်ဝမ် ပတ်စပို့ ပုံစံကို ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိ စာအုပ်ရဲ့ ပုံစံကတော့ ထိပ်ပိုင်းမှာ အင်္ဂလိပ် စာလုံးနဲ့ “Republic of China” လို့ ရေးသားထားပြီး စာအုပ်အောက်ပိုင်းမှာမှသာ “Taiwan” လို့ ရေးသားထားတာပါ။

ပုံစံသစ်ကို ဇန်နဝါရီလမှာ ပြောင်းလဲပြင်ဆင်သွားဖို့ ရှိပြီး ပတ်စပို့အသစ်မှာ “Republic of China” ကို ဖြုတ်ထားပေမယ့် တရုတ်စာလုံးကို အရင်အတိုင်း ထားရှိမှာဖြစ်သလို၊ နိုင်ငံတော် တံဆိပ်ပတ်လည်မှာ “Republic of China” စာသားအသေးနဲ့ ထပ်ထည့်ထားပြီး “Taiwan” အင်္ဂလိပ်စာသားကိုတော့ ယခင်ထက် စာလုံး အရွယ်အစား ပိုကြီးအောင် ပြောင်းလဲထားပါတယ်။

ပတ်စပို့ ပုံစံသစ် ပြောင်းလဲ ပြင်ဆင်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံနဲ့ ဆင်တူ အမြင်မှားပြီး တခြားနိုင်ငံအတွင်း ဝင်ရောက်ခွင့်တွေမှာ အခက်အခဲ ရှိတာကြောင့် “Taiwan” စာသားကို ပိုပြီးထင်ရှားအောင် ပြောင်းလဲပြင်ဆင်တာ ဖြစ်ပါတယ်။

ကပ်ရောဂါ ဖြစ်ပွားချိန်က စတင်လို့ နိုင်ငံတော်တော်များများမှာ ဝင်ရောက်ခွင့် စိစစ်လာတဲ့အခါ ထိုင်ဝမ် နိုင်ငံသားတွေကို တရုတ်နိုင်ငံသားတွေနဲ့ မရောထွေးအောင် ပတ်စပို့ကို ပုံစံအသစ် ပြောင်းလဲပေးတာဖြစ်တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး Joseph Wu က ပြောပြသွားပါတယ်။

“ဒီနှစ်ထဲမှာ COVID-19 စဖြစ်ချိန်ကစလို့ ကျနော်တို့ နိုင်ငံသားတွေကို တရုတ်နိုင်ငံကလို့ အထင်မမှားအောင် ရှင်းရှင်းလင်းလင်း မြင်သာအောင် လုပ်ပေးတာပါ” လို့ Wu က ဆိုပါတယ်။

ထိုင်ဝမ် ပတ်စပို့ပုံစံ အသစ် ပြင်ဆင် ပြောင်းလဲတာနဲ့ ပတ်သက်ပြီး “ထိုင်ဝမ်ဘက်က အခုလို အသေးအဖွဲ ပြင်ဆင်တာမျိုးလောက်က အကြောင်းကိစ္စ မရှိပါဘူး။ ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာ ပြောင်းလဲလို့ ရတဲ့အရာ မဟုတ်ဘူး”လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Hua Chunying က ဆိုပါတယ်။

နိုင်ငံတကာက ထိုင်ဝမ်ခရီးသွားတွေကို တရုတ်ခရီးသွားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ကန့်သတ်ခံရတာဟာ စိတ်ရှုပ်စရာ ကောင်းတယ်လို့ ထိုင်ဝမ်ဘက်က ဆိုပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်အတော်ကြာ ငြင်းခုန်နေရာက ကပ်ရောဂါကာလမှာ ပိုအာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

အစိုးရဘက်က ထိုင်ဝမ်နိုင်ငံတွင်းက အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ China Airlines ကိုလည်း နာမည် ပြောင်းလဲဖို့ ဒါမှမဟုတ် အနည်းဆုံး ပုံစံပြောင်းလဲ ပြင်ဆင်ဖို့အတွက်လည်း စဉ်းစားနေပြီလို့ ဆိုပါတယ်။

Ref: Reuters

You may also like these stories:

ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့ပေးနေတဲ့ ၁၀ နှစ်အရွယ် ကလေး

ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မှာ စာသင်ကျောင်းများ ပြန်ဖွင့်ပြီ

ကိုဗစ်ကာလအတွင်း ဘူတန်နိုင်ငံမှာ ဆေးလိပ်သောက်ခွင့်ပြန်ပြု

Loading