ဘယ်လ်ဂျီယံနိုင်ငံမှာ ဈေးဝယ်လှည်းတွေကို COVID-19 ကူးစက်မှုကနေ ကာကွယ်တဲ့အနေနဲ့ အလိုအ လျောက် ပိုးသတ်ပေးမယ့်စက်ကို ထားရှိပေးလိုက်ပါပြီ။ အင်ဂျင်နီယာတွေက စူပါမားကတ်ရှိ ဈေးဝယ်လှည်းတွေကို UV light သုံးပြီး ပိုးသတ်ပေးမယ့် စက်ကို တီထွင်ပေးလိုက်တာပါ။
ပိုးသတ်ပေးမယ့် စက်ကို စတိုးဆိုင် ၃ ဆိုင်မှာ စမ်းသပ် ထားရှိထားပြီး ဈေးဝယ်သူတွေက မဝယ်ခင်မှာ ဈေးဝယ်လှည်းတွေကို သတ္တုအလုံပိတ်စက်ထဲ ထည့်ပြီး တံခါးပိတ်ကာ အရင်သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ ၁၀ စက္ကန့် ကြာ သန့်စင်ပြီးရင်တော့ လက်သန့်စင်ရည်သုံး ပိုးသတ်ထားတဲ့ လက်နဲ့ ထုတ်ယူပြီးမှ ဈေးဝယ်ရမှာပါ။
“ကျနော်တို့ microwave စက်ထက်တောင် အသုံးပြုရလွယ်အောင် လုပ်ပေးထားပါတယ်။ နေအလုံးပေါင်း ၂,၀၀၀ ကျော်က ရတဲ့ UVC တိုင်း ဈေးဝယ်လှည်းတွေကို ပိုးသတ်ပေးသွားမှာပါ။ ဒီလောက်အပူချိန်နဲ့ ဆိုရင် ဘယ်ပိုးမှ အသက်ရှင်စရာ မရှိတော့ပါဘူး။ အားလုံး ပိုးသတ်ပြီးရင်တော့ တံခါးက သူ့အလိုအလျောက် ပွင့်သွားရင် ဆွဲယူလိုက်ရုံပါပဲ” လို့ ဒီဇိုင်းပိုင်းမှာ ကူညီလုပ်ဆောင်ပေးခဲ့သူ Jean Demarteau က ပြောပါတယ်။
အဆိုပါ ပိုးသတ်ပေးမယ့် စက်တလုံးကို အနည်းဆုံး ယူရိုငွေ ၇,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၀၀၀ ကျော်) လောက် ကုန်ကျမှာဖြစ်ပေမယ့် ယခင်က စူပါမားကတ်တွေမှာ ပိုးသတ်ပေးဖို့အတွက် ဝန်ထမ်းထားရှိရာကနေ စက်တွေ အစားထိုးလိုက်မယ်ဆိုရင် စက်ဖိုးကို သုံးလအတွင်း အရင်းကျေနိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အရင်တုန်းကတော့ ဈေးဝယ်သူ ကိုယ်တိုင် လှည်းတွေကို ပိုးသတ်နိုင်အောင် လုပ်ပေးထားပါတယ်။ ဒါပေမဲ့ ကြာလာတော့ တကယ် ကုန်ရမှာထက် အလေလွင့်ဖြစ်လာလို့ စက်ကို ဝယ်ဖို့ ချက်ချင်းပဲ ဆုံးဖြတ်ခဲ့တာပါ။ ဒီစက်က သုံးရတာ အရမ်း လွယ်ကူပါတယ်” လို့ စူပါမားကတ်ပိုင်ရှင် Henri Bormans က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ တခြားနိုင်ငံတွေမှာလည်း ပိုးသတ်ဖို့အတွက် UV light တွေကို အသုံးပြုနေကြပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ဘဏ်တွေက ငွေစက္ကူတွေကို UV light သုံးပြီး ပိုးသတ်သလို၊ အာဂျင်တီးနားနိုင်ငံမှာလည်း အများပြည်သူသုံး ဘတ်စ်ကားတွေနဲ့ လူကိုယ်တိုင် ပိုးသတ်ဖို့ခက်တဲ့ နေရာတွေကို စက်ရုပ်တွေသုံးပြီး ဗိုင်းရပ်စ် မကူးစက်အောင် လုပ်ဆောင်ပေးနေပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်မှုဟာ ယခင်အပတ်ကစလို့ တနေ့ကို ပျမ်းမျှ ၄၄၀ ကျော်လောက် ကူးစက်ခံနေရတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။ ဒါဟာ သြဂုတ်လ ၂၅ ရက်ကနေ ၃၁ ရက်အတွင်း ကူးစက်မှုဟာ အရင်ထက် ၈ ရာခိုင်နှုန်းလောက် တိုးလာတယ်လို့ အတည်ပြုထားပါတယ်။
COVID-19 ကူးစက်ခံရသူ ၈၆,၅၄၄ ဦးရှိပြီး သေဆုံးသူကတော့ ၉,၈၉၉ ဦးရှိနေပြီ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံကို COVID-19 ကာကွယ်ဆေး ပထမသုတ်အဖြစ် နောက်နှစ် နွေဦးမှာ ရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters, The Brussels Times