ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးအပြီး ၁ လကြာသွားပေမယ့် ဘေရွတ်မြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဆုံးမသတ်ကြသေးပါဘူး။ ပြိုကျသွားတဲ့ အပိုင်းအစ အုတ်ပုံတွေကြား အသက်ရှင် ကျန်ရစ်သူ တဦးတယောက် ရှိဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေနေကြဆဲပါ။
ပေါက်ကွဲမှုအပြီး ၃ ရက်အကြာတည်းက စတင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ၁ လအကြာမှာလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့လည်း ကျွမ်းကျင်ပညာရှင်တွေ အပါအဝင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်သူတွေဟာ ခုချိန်ထိ အသက်ရှင် ကျန်ရစ်သူ ရှာတွေ့တာမျိုးတော့ မရှိသေးပါဘူး။
စက်တင်ဘာ ၄ ရက်မှာ လူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာကို ဆုတောင်းပေးဖို့ ဒေသခံတွေ စုရုံးရောက်ရှိနေပါတယ်။ သြဂုတ်လ ၄ ရက်နေ့က အမိုနီယံ နိုက်ထရိတ် တန်ချိန် ၂,၇၅၀ ပေါက်ကွဲမှုကြောင့် လူ ပေါင်း ၂၀၀ နီးပါးသေဆုံးခဲ့ပြီး၊ အနည်းဆုံး ၆,၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၁ လပြည့် ဆုတောင်းပွဲကို ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၀၈ မိနစ်မှာ ၁ မိနစ်ကြာ ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။
ဝမ်းနည်းပူဆွေးနေတဲ့ လူအုပ်ကြီးက ဒဏ်ရာအနာတရ ရခဲ့သူတွေနဲ့ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေ အတွက်ပါ အဖြူရောင်ပန်းတွေ ချပြီး ဆုတောင်းပေးခဲ့ကြပါတယ်။ လက်ဘနွန်အလံ ကိုင်ဆောင်ထားသူတွေကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ကြသလို ဆုတောင်းချိန်မှာ ကားတွေကလည်း ဟွန်းတီးပေးခဲ့ပါတယ်။
ပေါက်ကွဲအားပြင်းတဲ့ အမိုနီယံ နိုက်ထရိတ်တွေကို လူနေအိမ်နဲ့ နီးတဲ့ ဆိပ်ကမ်းမှာ သိုလှောင်ထားရာကနေ အခုလို ဝမ်းနည်းစရာ မတော်တဆမှု ဖြစ်ခဲ့ရတာပါ။ လက်ဘနွန် အစိုးရကလည်း အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီး ရက်အတော်ကြာ ဆန္ဒပြမှုတွေကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ပေးနေတဲ့ ချီလီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ကတော့ ပျက်စီး ပြိုကျသွားတဲ့ Gemmayze နဲ့ Mar Mikhael ကြားမှာ ဖြစ်နိုင်ချေရှိတဲ့ အချက်ပြသင်္ကေတတွေ ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအဖွဲ့ဟာ ညဘက် အနံ့ခံခွေးတွေနဲ့ ရှာဖွေရေးလုပ်နေတုန်း အပျက်စီးပုံထဲမှာ အသက်ရှင်နေတဲ့ သင်္ကေတတွေ ပြတာမျိုး တွေ့ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ နောက်တနေ့မှာလည်း အနံ့ခံခွေးက အဆိုပါနေရာမှာပဲ အချက်ပြတာမျိုးတွေ ထပ်ရှိတာကြောင့် ကျွမ်းကျင်ပညာရှင်တွေက နေရာတဝိုက်ကို ရှာဖွေးရေးစက်တွေနဲ့ ရှာဖွေနေကြပါတယ်။
ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ချီလီနိုင်ငံအဖွဲ့ဟာ ၂၀၁၀ ခုနှစ်က မြေအောက် ပေပေါင်း ၂,၃၀၀ မှာပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ကို ၂ လကျော်အကြာမှာ ကယ်တင်ပေးနိုင်ခဲ့တဲ့ Los Topos အဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင်သူတို့ဟာ ၂၀၁၀ ခုနှစ်မှာပဲ ဟေတီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အပျက်အစီးပုံထဲကနေ ၂၇ ရက်အကြာမှာ အသက်ရှင်သူကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
Ref: BBC, Global Times