ကမ္ဘာမှာရှိတဲ့ လူတွေအားလုံး အိမ်ဖြူတော်ဆိုတဲ့ ဝေါဟာရကို ရင်းနှီး ကျွမ်းဝင်ပြီးသားပါ။ အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတရဲ့ တရားဝင် စံအိမ်တော်ဖြစ်ပြီး အလုပ်တက်ရာ ရုံးလည်း ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီမှာ တည်ရှိတဲ့ အိမ်ဖြူတော်ကို အိုင်ယာလန်မှာ မွေးဖွားခဲ့တဲ့ ဗိသုကာပညာရှင် ဂျိန်းစ်ဘိုဟန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ ခုနှစ်ကနေ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ အာဏာအမြင့်ဆုံး တည်ရှိရာ ရုံးအဆောက်အအုံလည်း ဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း အိမ်ဖြူတော်ကို အများပြည်သူတွေ လာရောက် လည်ပတ်ခွင့် ပိတ်ထားခဲ့ပါတယ်။ အခုဆိုရင် အိမ်ဖြူတော်ကို အများပြည်သူတွေ လည်ပတ်ခွင့် မရခဲ့တာ ၆ လလောက် ရှိပါပြီ။ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး အိမ်ဖြူတော်ကို လာရောက်ခွင့်ပြုမယ်လို့ မီလာနီယာထရမ့်ရဲ့ ရုံးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
မီလာနီယာထရမ့်ဟာ တချိန်ကတော့ မော်ဒယ်တယောက် ဖြစ်ခဲ့ဖူးပြီး အခုအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဇနီးလည်း ဖြစ်ပါတယ်။
အရင်ကတော့ အိမ်ဖြူတော်ကို တပတ်မှာ ၅ ရက် လည်ပတ်ခွင့်ပြုထားပေမယ့် လက်ရှိ အချိန်မှာတော့ ၅ ရက်အစား သောကြာ၊ စနေ ၂ ရက်ကိုသာ လည်ပတ်ဖို့ ခွင့်ပြုထားပြီး လည်ပတ်ချိန်ကိုလည်း နာရီအနည်းငယ်သာ ခွင့်ပြုထားတယ်လို့ မီလာနီယာထရမ့်ရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
လာရောက် လည်ပတ်မယ့်သူ အရေအတွက်ကိုလည်း အရင်ကထက် လျှော့ချထားသလို အိမ်ဖြူတော်ကို လာရောက်ကြမယ့်သူ၊ အသက် ၂ နှစ်အထက် အရွယ်တွေ အားလုံး Mask တပ်ဆင်ရမှာ ဖြစ်ပြီး Social distancing စည်းကမ်းကို လိုက်နာရမယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ကို လည်ပတ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပေမယ့် ဝါရှင်တန်ဒီစီမှာရှိတဲ့ ပြတိုက် အများစုကိုတော့ ပိတ်ထားဆဲပါ။
အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း မတ်လ ၁၂ ရက်နေ့ကစပြီး အိမ်ဖြူတော်ကို လည်ပတ်ခွင့် ပိတ်ခဲ့ပါတယ်။ အိမ်ဖြူတော်ကို သွားရောက် လည်ပတ်လိုတဲ့ ပြည်သူတွေ အနေနဲ့ ၂၁ ရက် ကြိုတင်ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေဆီက ခရီးစဉ် ခွင့်ပြုချက် ရယူဖို့ လိုအပ်ပါတယ်။
Ref: timesofindia
You may also like these stories:
လက်ဘနွန်မှာ ဘေရွတ်ပေါက်ကွဲမှု ၁ လပြည့် ဆုတောင်းပွဲ ကျင်းပ
ရဲခွေးတွေအတွက် ကျည်ကာဝတ်စုံ ထောက်ပံ့ပေးနေတဲ့ ၁၀ နှစ်အရွယ် ကလေး
အွန်လိုင်းပေါ်က ကိုဗစ် သတင်းမှားတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရ