သမိုင်းတလျှောက်မှာ ကျား၊ မ လူဦးရေအချိုး ညီမျှမှုတွေ ရှိခဲ့ပေမယ့် အချို့နိုင်ငံမှာတော့ ကျား၊ မ အချိုး ကွာဟမှု ကြီးမားတာတွေလည်း ရှိနေပါတယ်။ ကျား၊ မ အချိုး မညီမျှရတဲ့အကြောင်းကတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု၊ စစ်ပွဲကြောင့် လူအုပ်စုလိုက် ပြောင်းရွှေ့နေရမှု၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် နေရပ်ပြောင်းရွှေ့နေထိုင်မှု စတဲ့ အကြောင်းတွေပါပဲ။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအချို့မှာ ကျား၊ မ အချိုး မညီမျှတဲ့အတွက် ဇနီးရှာဖို့ အခက်အခဲ ရှိနေတဲ့ အမျိုးသားတွေ ရှိကြပါတယ်။ ဇနီးရှာဖို့ ခက်ခဲနေတဲ့ နိုင်ငံတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) ကာတာနိုင်ငံ
အနောက် အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံဟာ ကျား၊ မ အချိုး မညီမျှမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကာတာနိုင်ငံမှာ နေထိုင်သူ လူဦးရေက ၂ ဒသမ ၈ သန်းကျော် ရှိပြီး ၂၀၂၀ စာရင်းအရ ကာတာ အမျိုးသား ၃၁၅ ယောက်မှာ အမျိုးသမီးဦးရေက ၁၀၀ သာ ရှိပါတယ်။ အမျိုးသား ဦးရေက အမျိုးသမီးဦးရေထက် ၃ ဆကျော် ပိုပြီးများနေတဲ့အတွက် ကာတာအမျိုးသားတွေဟာ ဇနီး ရှာဖွေဖို့ ခက်ခဲတဲ့ နိုင်ငံစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
(၂) အာရပ်စော်ဘွားများပြည်ထောင်စု (UAE)
၂၀ ရာစုအတွင်း UAE နိုင်ငံမှာ အမျိုးသား ၄၀,၀၀၀ နီးပါးနဲ့ အမျိုးသမီး ၂၂,၀၀၀ နေထိုင်ခဲ့ကြပေမယ့် ရေနံ တွေ့ရှိပြီးနောက်ပိုင်း UAE နိုင်ငံဟာ ခေတ်မီနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ တော့ ခရီးသွားလုပ်ငန်း တိုးတက်လာတဲ့အတွက် နိုင်ငံခြားသားအများအပြား UAE နိုင်ငံကို ပြောင်းရွှေ့ နေထိုင်လာကြတဲ့အတွက် နိုင်ငံလူဦးရေ ၈၅ ရာခိုင်နှုန်းက နိုင်ငံခြားသားတွေဖြစ်ပြီး အများစုကလည်း အမျိုးသားတွေ ဖြစ်ကြပါတယ်။
၂၀၂၀ လူဦးရေစာရင်းအရ UAE နိုင်ငံမှာ လူပေါင်း ၉ ဒသမ ၈၉ သန်း ရှိပါတယ်။ ကျား၊ မ အချိုးအရ အမျိုးသား ၂၂၄ ယောက်မှာ အမျိုးသမီးဦးရေက ၁၀၀ သာ ရှိပါတယ်။ ကျား၊ မ အချိုး မညီတဲ့အတွက်ကြောင့်လည်း UAE အမျိုးသားတွေဟာ တခြားနိုင်ငံတွေထက် ဇနီးရှာဖို့ ပိုမိုခက်ခဲပါတယ်။
(၃) အိန္ဒိယနိုင်ငံ
ကမ္ဘာ့ဒုတိယ လူဦးရေ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း တရုတ်ကို ကျော်တက် ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ အရွယ် မရောက်သေးတဲ့ အမျိုးသမီးတွေ အတင်းအဓမ္မ လက်ထပ် စေခိုင်းခံရမှု၊ အုပ်စုဖွဲ့ လိင်အကြမ်းဖက်ခံရမှု စတဲ့အချက်တွေကြောင့် အိန္ဒိယနိုင်ငံရဲ့ အမျိုးသမီးအများစုဟာ ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ၂၀၂၀ ခုနှစ်အတွင်း ကျား၊ မ အချိုးအရ အမျိုးသား အယောက် ၁၀၀၀ မှာ အမျိုးသမီးဦးရေက ၉၂၄ ယောက် ရှိပါတယ်။ ဒါကြောင့်လည်း ဇနီးရှာဖို့ ခက်ခဲတဲ့နိုင်ငံစာရင်းမှာ အိန္ဒိယနိုင်ငံက တတိယနေရာမှာ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသား ဦးရေက အမျိုးသမီးတွေထက် ၅၄ သန်းကျော် ပိုများပါတယ်။
(၄) တရုတ်နိုင်ငံ
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် သန်း ၄၀ ပိုနေပါတယ်။ ကျား၊ မ အချိုးအရဆိုရင် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံဟာ မတိမ်းမယိမ်းဖြစ်တဲ့ အတွက် တရုတ်အမျိုးသား ၁၀၈၀ ယောက်မှာ အမျိုးသမီးဦးရေက အယောက် ၁၀၀၀ ရှိပါတယ်။ အစဉ်အလာအရ ဆိုရင်လည်း တရုတ်မိသားစုတွေဟာ အမျိုးသမီးထက် အမျိုးသားကို ပိုပြီး ဦးစားပေးလေ့ ရှိတတ်ကြပါတယ်။
(၅) အီဂျစ်နိုင်ငံ
အာရပ်ကမ္ဘာမှာတော့ အီဂျစ်နိုင်ငံက လူဦးရေထူထပ်တဲ့ နိုင်ငံတနိုင်ငံပါ။ ၂၀၂၀ လူဦးရေ စာရင်းအရ အီဂျစ်နိုင်ငံမှာ လူဦးရေစုစုပေါင်း ၁၀၂ သန်းကျော် ရှိပါတယ်။ ကျား၊ မ အချိုးအရဆိုရင်တော့ အမျိုးသား ၁၀၁၀ ယောက်မှာ အမျိုးသမီးဦးရေက အယောက် ၁၀၀၀ ရှိပါတယ်။ အီဂျစ်နိုင်ငံဟာ ရိုးရာအစဉ်အလာကို ထိန်းသိမ်းတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အမျိုးသမီးတွေကို နေအိမ်တွင်းမှာသာ ထားလိုကြပါတယ်။
ဒါပေမဲ့လည်း အီဂျစ်အမျိုးသမီး အများစုက ပညာတတ်အမျိုးသမီးတွေ ဖြစ်တဲ့အတွက် သိပ္ပံ၊ ဆေးပညာနဲ့ ဥပဒေနယ်ပယ်တွေမှာ အလုပ်အကိုင်ရဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ပညာတတ် အီဂျစ်အမျိုးသမီးအများစုက အီဂျစ်ထက် ပိုပြီး အခွင့်အလမ်းရှိတဲ့ နိုင်ငံတွေကို ပြောင်းရွှေ့သွားကြပါတယ်။ နိုင်ငံရပ်ခြားကို ပြောင်းရွှေ့သွားတဲ့ အမျိုးသမီး အရေအတွက် များပြားလာတဲ့ အတွက်ကြောင့် အီဂျစ်အမျိုးသားတွေဟာ အိမ်ထောင်ပြုဖို့ ပိုမိုခက်ခဲလာကြပါတယ်။
ကျား၊ မ အချိုး မညီမျှမှုအပြင် တခြားအချက်တွေကြောင့် ဇနီးရှာဖို့ ခက်ခဲနေတဲ့ နောက်ထပ်နိုင်ငံတွေကတော့
(၁) ဂရိ
(၂) နိုင်ဂျီးရီးယား
(၃) အာဖဂန်နစ္စတန်
(၄) ဆွီဒင်
(၅) အီရန်
(၆) နော်ဝေ
(၇) အိုက်စ်လန်
(၈) ဖိလစ်ပိုင်နဲ့
(၇) လစ်ဗျားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
Ref: topwomenmag, countrymeters
You may also like these stories:
အီတလီကမ်းခြေက သဲခိုးယူခဲ့တဲ့ ပြင်သစ်ခရီးသွား ဒဏ်ငွေရိုက်ခံရ
ကိုဗစ် ကူးစက်မှု ရှိနေသေးရင်တောင် တိုကျိုအိုလံပစ်ကို ၂၀၂၁ မှာ ကျင်းပမည်
စက်တင်ဘာ ၁၂ ကစပြီး အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခွင့်ပြု