ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအတွင်း အရင်တုန်းက ခရီးသွားခဲ့ချိန်တွေကို လွမ်းဆွတ် တမ်းတနေတယ်ဆိုရင် နိုင်ဂျီးနီးယားနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်က ဖြေသိမ့်ပေးနိုင်ပါလိမ့်မယ်။ တကယ် ခရီးသွားနေသယောင် ဖန်တီးထားတဲ့ အပြင်အဆင်က လာစားမယ့် ခရီးသည်တိုင်းကို လေပေါ်ရောက်နေတဲ့အတိုင်း ခံစားမိစေတာပါ။
နိုင်ဂျီးနီးယားနိုင်ငံရဲ့ မြို့တော် အဘူဂျာမှာ ဖွင့်လှစ်ထားတဲ့ “Urban Air” လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင် အတွင်းပိုင်း ပတ်ပတ်လည်လည်ကို ကောင်းကင်ပေါ် ရောက်နေသလို မိုးကောင်းကင်ပြာပြာနောက်ခံမှာ တိမ်စိုင်တွေနဲ့ ပုံဖော်ထားပြီး လေယာဉ်စီးနေရတဲ့အတိုင်း ဒီဇိုင်းဆင်ထားတာပါ။
စားသောက်ဆိုင် ထိုင်ခုံတွေအားလုံးကို အဖြူရောင်ထားပြီး ရရှိတဲ့ Cocktail menu တွေကအစ လေကြောင်း ခရီးစဉ်အတိုင်း လုပ်ပေးထားတာပါ။ လေယာဉ်မောင်းခန်းကိုပါ ပြင်ဆင်ပေးထားလို့ လာစားတဲ့ ဧည့်သည်တွေ အမှတ်တရ Selfie ရိုက်နိုင်ပါသေးတယ်။
“ဆိုင်ထဲဝင်လိုက်တာနဲ့ကို လုံးဝ အမိုက်စားပါပဲ။ ကိုဗစ်ကာလမှာ ဧည့်သည်တွေ စိတ်အပန်းပြေအောင် တကယ့်ကို စဉ်းစားပြင်ဆင်ပေးထားတာပါ” လို့ “Urban Air” မှာ ဒုတိယတခေါက် ထပ်လာဖြစ်တဲ့ IT ဝန်ထမ်း Fatima Garba က ပြောပါတယ်။
“စားသောက်ဆိုင်မှာထက် လာစားတဲ့သူအားလုံး အတူတူ လေယာဉ်ပေါ်မှာ အတူတူ ထိုင်ပြီး ခရီးသွားနေသလို ခံစားမိစေတယ်” လို့ Garba က ဆိုပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် မတ်လနှောင်းပိုင်းကစလို့ နိုင်ငံတကာလေယာဉ် ခရီးစဉ်တွေကို ဆိုင်းငံ့ထားခဲ့ပေမယ့် စက်တင်ဘာ ၅ ရက်ကစ ပြန်လည် ပြေးဆွဲခွင့်ပြုနေပါပြီ။ ဒါပေမဲ့လည်း နိုင်ငံတွင်းဝင်လာမယ့် ဘယ်သူမဆို မဖြစ်မနေ COVID-19 ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။ ပြည်တွင်း လေယာဉ်ခရီးစဉ်တွေကိုလည်း လအတော်ကြာ ရပ်နားထားရာက ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ပါပြီ။
“Urban Air” ဆိုင်ပိုင်ရှင် Ugo Young နဲ့ သူ့ပါတနာတို့ တိုင်ပင်ပြီး လေယာဉ်ခရီးစဉ် ပုံစံမျိုး စားသောက်ဆိုင် ဖွင့်ဖို့ စဉ်းစားမိခဲ့တာပါ။ သူတို့နှစ်ယောက်ပေါင်းပြီး နိုင်ဂျီးရီးယားငွေ နိုင်ရာ ၁၀ သန်းကျော် (အမေရိကန်ဒေါ် လာ ၂၆,၂၈၁) ရင်နှီးမြှုပ်နှံပြီး လေယာဉ်ပုံစံတူ ပြင်ဆင်ခဲ့ပါတယ်။
စဖွင့်ခဲ့တဲ့ သြဂုတ် ၁၅ ရက်ကစလို့ ခရီးသွားခဲ့ချိန်တွေကို တောင့်တနေတဲ့ နိုင်ဂျီးရီးယားလူမျိုး ၁၀၀ ကျော်လောက် ပုံမှန်လာကြတယ်လို့ ဆိုပါတယ်။ ဒီနေရာလေးက ခရီးသွားအမှတ်တရတွေကို ပြန်သတိရနိုင်တဲ့ နေရာတခုပါလို့ Young က ပြောပါတယ်။
အသက် ၂၀ အရွယ် ကျောင်းသူလေး Divine Akufu ကလည်း ပထမတန်း စားခုံမှာထိုင်ပြီး ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားနေရသလို ခံစားမိစေတယ်လို့ ပြောပြခဲ့ပါတယ်။
Ref: Reuters
You may also like these stories:
မန်းမြန်မာပလာဇာက ပိုးတွေ့ဝန်ထမ်းနှင့် ဆက်စပ်သူ ၁၀၀ ခန့် Quarantine ထား
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ