ကမ္ဘာမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အာရှမှာရှိတဲ့ ထောင်ပေါင်းများစွာသော မိန်းမငယ်လေးတွေကို မိဘတွေ အပါအဝင် မိသားစုဝင်တွေက အတင်းအဓမ္မ လက်ထပ်ခိုင်းနေကြပါတယ်။ ဒီလို အတင်းအဓမ္မ လက်ထပ်ခိုင်းရတဲ့အကြောင်းကလည်း ဆင်းရဲမွဲတေမှုကြောင့်ပါ။
COVID-19 ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံအများစုမှာ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိလည်း ရင်ဆိုင်နေရဆဲပါပဲ။ နိုင်ငံတချို့မှာတော့ အရွယ် မရောက်သေးတဲ့ကလေးတွေကို အတင်းအဓမ္မ လက်ထပ်ခိုင်းတဲ့ ကိစ္စမျိုးက ရိုးရာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။
အာရှနိုင်ငံတွေထဲမှာဆိုရင်လည်း အင်ဒိုနီးရှား အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေမှာ အရွယ်မရောက်ခင် လက်ထပ်ပေးတဲ့ ဓလေ့ကို ရိုးရာ ယဉ်ကျေးမှုတခုလိုမျိုး ခံယူထားပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်း ကာလတွေမှာတော့ အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုတွေ အားကောင်းလာတဲ့အပြင် ပညာရေးစနစ်တွေကြောင့် အပြောင်းအလဲတချို့ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်ကထက်စာရင် အတင်း အဓမ္မ လက်ထပ်ခြင်းခံရတဲ့ လူအရေအတွက် ကျဆင်းလာပါတယ်။
ကိုဗစ် ကာလအတွင်းမှာ လူပေါင်းများစွာ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ အလုပ်လက်မဲ့ ပြဿနာနဲ့အတူ မိသားစု စားဝတ်နေရေး ကိစ္စမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အတွက် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို အတင်းအဓမ္မ လက်ထပ်ခိုင်းတဲ့ ဓလေ့က တကျော့ပြန် ခေတ်စားလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အခုအတိုင်းသာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရခဲ့တဲ့ အောင်မြင်မှုတွေ အားလုံး ဆုံးရှုံးသွားနိုင်တယ်လို့ NGO အဖွဲ့အစည်းတခုဖြစ်တဲ့ “Girls Not Brides” ရဲ့ အာရှ ထိတွေ့ ဆက်ဆံမှု အကြီးအကဲ Shipra Jha က ပြောပါတယ်။ ကလေးသူငယ် လက်ထပ်မှုဟာ လိင်ညီမျှမှု မရှိတဲ့ နေရာတွေမှာ အခိုင်အမာ အမြစ်တွယ်ထားပြီးဖြစ်သလို အခုလို ကိုဗစ်ကာလမှာ ပိုပြီး များပြားလာနေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်လာပေမယ့် ဆင်းရဲမွဲတေမှု၊ ပညာရေး ရေချိန်နိမ့်ကျမှုနဲ့ ဘဝကို မလုံမခြုံ ဖြတ်သန်းရမှု စတာတွေကလည်း ပြဿနာကိုပိုပြီးဆိုးရွားလာစေနိုင်ပါတယ်။ အထူးသဖြင့်တော့ ကပ်တမျိုးမျိုး ဆိုက်နေတဲ့အချိန်မျိုးမှာ ပိုပြီးဆိုးလာနိုင်ပါတယ်။
ကလေးသူငယ် လက်ထပ်ခြင်းကိုအဓိပ္ပာယ် ဖွင့်ဆိုရာမှာတော့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ယောကျ်ား၊ မိန်းမ နှစ်မျိုးစလုံး ပါဝင်ပါတယ်။ ဒီလိုလက်ထပ်ပေးရာမှာလည်း ပုံမှန်အတိုင်း လက်ထပ်ပေးမှု၊ ပုံမှန် မဟုတ်ဘဲ လက်ထပ်ပေးမှုဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ ပုံမှန် မဟုတ်ဘဲ လက်ထပ်ပေးမှုကတော့ အရွယ်မရောက်ခင် အတင်းအဓမ္မ လက်ထပ်ပေးမှုပါ။
ကလေးသူငယ် လက်ထပ်ခြင်းက ယောကျ်ား၊ မိန်းမ နှစ်ဘက်စလုံးကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုရှိစေပါတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေကို ပိုပြီးထိခိုက်စေနိုင်ပါတယ်။
Girls Not Brides Webside ရဲ့ ဖော်ပြချက်အရ ပုံမှန်အတိုင်းဖြစ်စေ၊ ပုံမှန်အတိုင်း မဟုတ်ဘဲ ဖြစ်စေ အသက် ၁၈ နှစ် မပြည့်သေးတဲ့ မိန်းကလေး ၁၂ သန်းနီးပါး နှစ်စဉ် အိမ်ထောင်ပြုနေရတယ် လို့ သိရပါတယ်။ မိနစ်တိုင်းမှာ မိန်းကလေး ၂၃ ယောက် အိမ်ထောင်ချပေးခြင်း ခံနေရတဲ့အတွက် ဒီကိန်းဂဏန်းအချက်အလက်တွေက ၃ စက္ကန့်ကို တယောက်နှုန်းနီးပါး အိမ်ထောင်ကျနေတယ်လို့ ဖော်ပြနေပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်လည်း အရှေ့တောင်အာရှနိုင်ငံတွေမှာ ကလေးသူငယ် လက်ထပ်မှုအရေအတွက်က ပိုပြီးမြင့်မားနေတာကို တွေ့ရတယ်လို့ UNICEF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ အသက် ၂၀ နဲ့ ၂၄ ကြားအရွယ် အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေဟာ အသက် ၁၈ နှစ် မပြည့်ခင်မှာပဲ အိမ်ထောင်ကျခဲ့သူတွေဖြစ်ပြီး ကမ္ဘာ့အတိုင်းအတာနဲ့ဆိုရင် ၄၅ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၁၅ နှစ် အရွယ်မပြည့်သေးတဲ့ မိန်းကလေး ၅ ယောက်မှာ ၁ ယောက် အိမ်ထောင်ပြုပေးခြင်း ခံနေရပါတယ်။
အိန္ဒိယနိုင်ငံကတော့ ကလေးသူငယ် လက်ထပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းရဲ့ သုံးပုံတပုံ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ကလေးသူငယ် လက်ထပ် ထိမ်းမြားမှု အများဆုံးနိုင်ငံတွေထဲ ကမ္ဘာ့အဆင့် နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ကလေးသူငယ် လက်ထပ်ခြင်းကိစ္စတွေက စီးပွားရေးနဲ့ လူမှုရေး တွန်းအားတွေကြောင့် ပေါ်ပေါက်လာ ရတာဖြစ်သလို ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာတော့ မိန်းကလေးတွေက ဓားစာခံ အခြေအနေကို ပိုပြီး ရောက်ရှိသွားပါတယ်။
COVID-19 ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုရင် လာမယ့် ဆယ်စုနှစ်ကာလအတွင်း ကလေးပေါင်း ၁၃ သန်း အရွယ် မရောက်ခင် လက်ထပ်ထိမ်းမြားခြင်း အန္တရာယ်နဲ့ ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။ အာရှနိုင်ငံတွေမှာလည်း ဒီအန္တရာယ်ရဲ့လက္ခဏာတွေကို တဖြည်းဖြည်းချင်း တွေ့လာနေပါပြီ။
Lockdown ကာလအတွင်း ကလေးသူငယ် လက်ထပ်တဲ့ အမှုတွေက ပိုပြီး တိုးလာခဲ့ပါတယ်။ ဒီလို တိုးလာရတဲ့ အကြောင်းကလည်း အလုပ်လက်မဲ့ ပြဿနာတွေကြောင့်ဖြစ်ပြီး မိဘတွေ ကိုယ်တိုင်လည်း အရွယ်မရောက်သေးတဲ့ သမီးငယ်တွေကို အတင်းအဓမ္မ လက်ထပ်ဖို့ တွန်းအားတွေ ပေးလာကြတယ်လို့ အိန္ဒိယနိုင်ငံရဲ့ “1 Step 2 Stop Child Marriage” လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ Rolee Singh က ပြောပါတယ်။
ကိုဗစ် ကာလအတွင်း အတင်းအဓမ္မ လက်ထပ်ခြင်း ခံရသူတွေကို ကိုဗစ်မျိုးဆက်ဆိုပြီး ခေါ်ဝေါ်သုံးစွဲလာပါတယ်။ ဒီနေရာမှာ အတင်းအဓမ္မလက်ထပ်ခြင်း ခံခဲ့ရတဲ့ မုစ့်ကမ်းရဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ တကယ်တော့ သူမဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိပါသေးတယ်။
သူမရဲ့ မိဘနှစ်ပါးဟာ သူမ အပါအဝင် ကျန်တဲ့ ကလေး ၆ ယောက်ကို ကျွေးမွေးဖို့ ဗာရာဏသီမြို့လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေ ဖြစ်ကြပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ မိဘတွေက အသက် ၂၁ နှစ်အရွယ်ရှိ ယောကျ်ား တယောက်နဲ့ သူမကို အတင်းအဓမ္မ လက်ထပ်ပေးခဲ့ကြပါတယ်။
“ကျမရဲ့ မိဘတွေက ဆင်းရဲပါတယ်။ ဒီတော့လည်း သူတို့အနေနဲ့ ဘာတတ်နိုင်မှာလဲ။ ကျမအနေနဲ့ကတော့ တတ်နိုင်သလောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ အရှုံးပေးလိုက်ရတာပါပဲ” လို့ မုစ့်ကမ်းက မျက်ရည်စတွေနဲ့ ရှင်းပြခဲ့ပါတယ်။
ကလေးသူငယ် စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း မိန်းကလေးတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမြဲ ဆန့်ကျင်နေခဲ့ပါတယ်။ အထူးသဖြင့် အရွယ် မရောက်သေးတဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး အတင်းအဓမ္ဓ ခြိမ်းခြောက်တာက ဗိုင်းရပ်စ်ထက် ပိုပြီး အန္တရာယ်ရှိလာမယ်လို့ သတိပေး ပြောဆိုနေပါတယ်။
Lockdown ကာလအတွင်း ကျောင်းတွေ ပိတ်လိုက်ရတဲ့အတွက် သန်းပေါင်း ရာနဲ့ချီတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းပရိဝုဏ် အပြင်ဘက်ကို ရောက်ခဲ့ရပါတယ်။ ဒီအချက်ကလည်း ဆင်းရဲ နွမ်းပါးတဲ့ မိသားစုဝင်ထဲက မိန်းကလေးတွေကို အကျိုးသက်ရောက်မှု ကြီးမားခဲ့ပါတယ်။
Bangkok Post တွင် ရေးသားထားသော Virus despair forces girls across Asia into child marriage သတင်း ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
Ref: Bangkok Post, UNICEF
You may also like these stories:
အရေးပါသော မြန်မာ့ယဉ်ကျေးမှုများ
အရွယ်မတိုင်ခင် လက်ထပ်ခြင်း ဓလေ့ကြောင့် အမျိုးသမီးငယ်များ အခွင့်အရေး ဆုံးရှုံးနေရ
ထိမ်းမြားခွင့်ကိစ္စ ကလေးသူငယ်ဥပဒေကြမ်းမှပယ်ဖျက်ရန် တပ်ကိုယ်စားလှယ်ကန့်ကွက်