တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ ရုပ်သံလွှင့် ကုမ္ပဏီတခုဖြစ်တဲ့ JTBC မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် တွေ့ရတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ယနေ့၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ JTBC ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦး ကူးစက်ခံရတာပါ။
ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဒီမနက် အစောပိုင်းမှာပဲ ဆန်နမ်ဒုံ၊ မာပိုဂု ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦး COVID-19 ကူးစက်ခံရတာပါ။ အဆိုပါ ဝန်ထမ်း အလုပ်လုပ်ခဲ့တဲ့ ရုံးခန်းနေရာကိုလည်း ပိတ်လိုက်ပြီ”လို့ ပြောပြပါတယ်။
ကူးစက်မှုကြောင့် JTBC ရုံးချုပ် ၁၃ ထပ်၊ ၁၄ ထပ်နဲ့ ၁၅ ထပ် နေရာတွေကို ပိတ်ထားလိုက်ပြီး အတူတူအလုပ် လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကိုလည်း ၁၄ ရက် သီးခြားစီခွဲနေကြဖို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အဆောက်အအုံတွင်းက ဝန်ထမ်းကော်ဖီဆိုင်ကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
JTBC ကုမ္ပဏီက လတ်တလော အလုပ်ကိစ္စ ခရီးထွက်နေသူတွေနဲ့ အဆိုပါ COVID-19 လူနာဝန်ထမ်းနဲ့ ထိတွေ့ ဆက်ဆံခဲ့သူ အားလုံးကို လိုက်လံစုံစမ်းနေပြီး ကိုယ်တိုင်လည်း လာရောက် အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေကြောင့် ရုပ်သံစီးရီးနဲ့ ရုပ်ရှင် ရိုက်ကူးမှုတွေကို သြဂုတ်လမှာ ယာယီ ရပ်နားထားရပါတယ်။ သြဂုတ်လ အစပိုင်းမှာ ပြန်လည် မြင့်တက်ခဲ့တဲ့ ကူးစက်မှု အသစ်တွေဟာ အများအားဖြင့် မြို့တော် ဆိုးလ်မှာ ဖြစ်နေတာကြောင့် လူစုလူဝေး မလုပ်ဘဲ Social distancing နေကြဖို့ ကျန်းမာရေးဌာနက ညွှန်ကြားခဲ့ပါတယ်။
ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီအများစုရဲ့ ရိုက်ကူးနေဆဲ ရုပ်ရှင်နဲ့ ရုပ်သံစီးရီးတွေ ကို ရပ်နားလိုက်ရပြီး ဝန်ထမ်းတွေကြားမှာ ကူးစက်မှုတွေ ဖြစ်မလာအောင် တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားပါတယ်။
ပုဂ္ဂလိက ထုတ်လုပ်ရေးနဲ့ ရုပ်သံလွှင့် ကုမ္ပဏီတခုဖြစ်တဲ့ JTBC က ရိုက်ကူးနေတဲ့ “Private Life” ရိုက်ကူးရေးမှ ဝန်ထမ်းတဦးဟာ သြဂုတ်လအတွင်းက တခြားရှိုးတခုမှ ဝန်ထမ်းတယောက်နဲ့ ထိတွေ့ခဲ့ပြီး COVID-19 ကူးစက်ခံခဲ့ရတာကြောင့် ရိုက်ကူးရေး ရပ်နားခဲ့ရသလို၊ ဇာတ်လမ်းတွဲအသစ် “Run On” ရှိ ဝန်ထမ်းတယောက်လည်း COVID-19 ကူးစက်ခံရသူနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် ရိုက်ကူးရေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သြဂုတ်လက စတင်လာတဲ့ COVID-19 ကူးစက်မှုအသစ်ကြောင့် ရုပ်သံလွှင့်အစီအစဉ်တွေနဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေ ရပ်နားခဲ့ရသလို၊ သရုပ်ဆောင် Seo Song Jong, Kim Won Hae နဲ့ Heo Dong Won တို့လည်း ကိုဗစ် ကူးစက်ခံခဲ့ရပါတယ်။
KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “Do Do Sol Sol La La Sol” အစီအစဉ်မှာ ပါဝင်မယ့် Heo လည်း ကိုဗစ် ကူးစက်ခံရတာကြောင့် ထုတ်လွှင့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
Ref: Allkpop, The Korea Times
You may also like these stories:
ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံ
ကိုရိုနာဗိုင်းရပ်စ်ဟာ အေးခဲအသားနဲ့ ငါးတွေမှာ ၃ ပတ်ကြာ အသက်ရှင်နိုင်
တကျော့ပြန် ကိုဗစ်ကြောင့် တောင်ကိုရီးယားမှာ စာသင်ကျောင်းများ ပြန်ပိတ်