မလေးရှားလူမျိုး အဘိုးအိုတဦးဟာ ကမ်းခြေတလျှောက် စုဆောင်းရမိခဲ့တဲ့ ပုလင်းတွေကို ပြတိုက်ငယ်တခု ဖွင့်လှစ်ပြီး ပြသထာပါတယ်။ Penarik ကမ်းခြေတလျှောက် ကောက်ယူခဲ့တဲ့ ထောင်နဲ့ ချီတဲ့ ပုလင်း အမျိုးအစားအစုံကို စုဆောင်း ပြသထားတာပါ။
အသက် ၇၄ နှစ်အရွယ် အဘိုးအို၊ Tengku Mohamad Ali Mansor ဟာ မလေးရှား တောင်တရုတ်ပင်လယ်ကနေ မျောပါလာတဲ့ ပုလင်းတွေကို ၁၅ နှစ်တာ ကာလအတွင်း ကောက်ယူ စုဆောင်းခဲ့ပြီး သန့်စင်ဆေးကြောကာ အရောင်စုံ ဆေးခြယ်ထားတဲ့ အဆောက်အအုံလေးထဲမှာ အစီအရီ သိမ်းဆည်းထားခဲ့တာပါ။
ရောင်စုံ ဆေးခြယ်ထားတဲ့ ရိုးရာသစ်သား အိမ်လေးထဲမှာ ကောက်ယူ စုဆောင်းထားတဲ့ ပုလင်း ၉,၀၀၀ ကျော်ကို အခုတော့ ပြတိုက်ပုံစံလေး ပြင်ဆင်ပြီး စိတ်ဝင်စားသူ မည်သူမဆို လာရောက် လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။
Mansor စုဆောင်းထားတဲ့ ပြတိုက်လေးထဲမှာ ကမ္ဘာအနှံ့က ပုံစံစုံ၊ အရွယ်အစားစုံ မျောပါလာတဲ့ ပုလင်းမျိုးစုံ ရှိပါတယ်။ ထူးထူးခြားခြားအဖြစ် စာထည့်ထားတဲ့ ပုလင်း ၂ လုံးလည်း ရခဲ့ဘူးတယ်လို့ ဆိုပါတယ်။ တပုလင်းကတော့ အသဲပုံလေးတွေ ဆွဲထားပြီး တရုတ်စာနဲ့ ရေးထားတာပါ။ နောက်တလုံးကတော့ ရေစိုပြီး ပျက်စီးနေလို့ ဖတ်လို့ မရတော့ပါဘူး။
“ပထမဆုံး စလုပ်ဖြစ်တုန်းကတော့ ပင်လယ်ကြီး သန့်ရှင်းသွားစေချင်တာကြောင့်ပေါ့” လို့ Penarik ကမ်းခြေဘေးက မွေးရပ်ရွာလေးမှာ နေထိုင်သူ Mansor က ပြောပါတယ်။ “ကမ်းခြေမှာ ပုလင်းကွဲတွေကြောင့် လူတွေ မရှမိအောင်၊ နောက် ရေထဲမှာ ဖန်ပုလင်းတွေ စုပြုံ မျောမနေအောင် လုပ်ပေးတာပါ” လို့ အိမ်ဘေးကပ်လျက်မှာ ပုလင်းပြတိုက် ဖွင့်ထားတဲ့ Mansor က ဆိုပါတယ်။
၂၀၀၅ ခုနှစ်က ကမ်းခြေမှာ ကလေးငယ်တွေ ပုလင်းထဲ မီးရှူးမီးပန်းတွေ ထည့်ဖောက်နေတာ မြင်တော့ တခြားသူတွေ ရှမိမှာစိုးပြီး ကလေးတွေဆီကနေ ပိုက်ဆံပေး ဝယ်လိုက်ပါတယ်။ နောက်နေ့မှာ ဒီကလေးတွေက ပုလင်း ၅၀၀ ကို လာပေးရာကနေ ကမ်းခြေတလျှောက် ပုလင်းတွေ စုဆောင်းကောက်ယူမိတော့တာပဲလို့ ဆိုပါတယ်။
၁၅ နှစ်အကြာမှာ စုဆောင်းထားတဲ့ ပုလင်းအရေအတွက်လည်း များလာတာကြောင့် ပြတိုက်ဖွင့်ပြီး စိတ်ဝင်စားသူတွေ လာကြည့်နိုင်အောင် ပြင်ဆင်လိုက်တာပါ။ သူ့အကြောင်းကို ဆိုရှယ်မီဒီယာကတဆင့် သိသွားကြပြီး ပုံမှန် စိတ်ဝင်တစား လာရောက် ကြည့်ရှုကြပါတယ်။
COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားချိန်မှာ Mansor ဟာ မြေထည်အကွဲတွေကို သစ်စေးနဲ့ ရွှေ၊ ငွေ အမှုန့်ရောပြီး ပြန်ပြုပြင်တဲ့ ဂျပန်နည်းပညာ “kintsugi” မျိုး ပုလင်းကွဲစတွေနဲ့ စမ်းသပ်လုပ်ကြည့်နေပါတယ်။
“လူတွေကတော့ ကျနော်ကို ရူးနေတယ် ထင်ကြမှာပဲ။ ဒါပေမဲ့ ကျနော် ဂရုမစိုက်ပါဘူး။ ကမ္ဘာကြီးကို ချစ်မြတ်နိုးလို့ လုပ်နေတာပဲလေ” လို့ Mansor က ပြောပါတယ်။
Ref: Bangkok Post
You may also like these stories:
ကိုဗစ်ကာလမှာ အတင်းအဓမ္မ လက်ထပ်ပေးခြင်း ခံနေရတဲ့ အာရှက မိန်းကလေးများ
လေယာဉ်စီးသလို ခံစားရမယ့် ထိုင်းနိုင်ငံက လေယာဉ်ကဖေးများ
လေယာဉ်စီးနေရသလို ခံစားရစေမယ့် နိုင်ဂျီးရီးယားက Urban Air စားသောက်ဆိုင်