အာဆီယံနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်နားထားသလို မြို့တော် မနီလာ တဝိုက်ကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့ အထိ Lockdown ကာလ ထပ်မံ တိုးမြှင့်ထားပါတယ်။
သမ္မတ ဒူတာတေးက COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ် ကာကွယ်တဲ့ အနေနဲ့ Lockdown ကာလကို သက်တမ်း တိုးမြင့်လိုက်တာပါ။ ဒါကြောင့်လည်း မြို့တော် မနီလာမှာ နေထိုင်တဲ့ လူဦးရေ ၁၃ သန်းလောက်ဟာ အိမ်မှာပဲ နောက်ထပ် ၄ ပတ်လောက် ထပ်နေကြဖို့ ရှိပါတယ်။
အခုလို အလုပ်အကိုင် မရှိချိန်မှာ နေ့စဉ်စားသောက်ဖို့အတွက် Lorraine Imperio တယောက် သူ့ရဲ့ Nike ကွင်းထိုးဖိနပ်လေးကို သန့်စင်ပြီးသား ကြက်သား တကောင်လုံးနဲ့ လဲဖို့ ဖြစ်လာပါတယ်။ ဒါကတော့ Lockdown ကာလအတွင်းမှာ ဖိလစ်ပိုင်လူမျိုး ဒါဇင်နဲ့ချီ လုပ်လာကြတဲ့ အွန်လိုင်းကတဆင့် ပစ္စည်းလဲလှယ်ရေး ဖြစ်စဉ်တခုပါ။
အလုပ်အကိုင် တော်တော်များများ ရပ်နားလိုက်ချိန်ကစလို့ Facebook ပေါ်မှာ Group တွေ ထောင်ပြီး အိမ်မှာ အသုံးမလိုဘဲ ပိုနေတဲ့ မီးဖိုးချောင်ပစ္စည်း၊ ကလေးကစားစရာတွေကနေ နာမည်ကြီး ဒီဇိုင်နာလက်ကိုင်အိတ်တွေအထိ အစားအစာတွေနဲ့ လဲလှယ်ဖို့အတွက် ဖြစ်လာပါတယ်။
“အခုချိန်မှာ လူတိုင်း ခက်ခဲနေကြတာပါ။ အိမ်မှာ လိုအပ်တဲ့ အစားအသောက်တွေ ဝယ်ဖို့ ဘယ်ကနေ ဘယ်လို ပိုက်ဆံရှာရမှန်းတောင် မသိတော့ပါဘူး” လို့ ကလေးနှစ်ယောက် အမေဖြစ်သူ Imperio က ပြောပါတယ်။ ခင်ပွန်းသည်ကတော့ မနီလာက ဒိုးနပ်ဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေပေမယ့် ကပ်ရောဂါကြောင့် အလုပ်ချိန် လျှော့ချခံလိုက်ရပါတယ်။
မတ်လက စတင်ခဲ့တဲ့ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် တားဆီးတဲ့အနေနဲ့ ကာလရှည်ကြာ ကန့်သတ်ချက်တွေကြောင့် စီးပွားရေး ကျဆင်းလာတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံသားအချင်းချင်း အဆင်ပြေစေမယ့် နည်းလမ်းတွေ နဲ့ Facebook ပေါ်မှာ စတင်လုပ်ဆောင်လာကြတာပါ။
လက်ရှိအချိန်မှာတော့ ခေတ်စားနေတဲ့ Group ပေါင်း ၈၅ ဖွဲ့လောက် ရှိနေပြီး အဖွဲ့ဝင် စုစုပေါင်း ၂ သန်းကျော်လောက် ရှိပါတယ်။ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှာ နေ့စဉ် အစားအသောက်တွေအတွက် အဆင်ပြေအောင် ကုန်ပစ္စည်း ဖလှယ်ခြင်း (Barter For Food) ကို အသုံးပြုလာကြတာပါ။
အဖွဲ့ဝင်တွေဟာ ပစ္စည်းလဲမယ်ဆိုရင် ကိုယ်လဲမယ့် ပစ္စည်းပုံကို တင်ထားပြီး လိုချင်တဲ့ ပစ္စည်းကို ရေးသားထားရပါတယ်။ Comment ကတဆင့် ပြောဆိုကြပြီး ညှိနှိုင်းလို့ အဆင်ပြေရင် အပြင်မှာလဲလှယ်ကြတာပါ။
Lorraine က သူ မလိုတော့တဲ့ ကလေး ဂျာကင်နဲ့ Ralph Lauren Hoodie ကို ၁၃ ပေါင် ဆန်တအိတ်နဲ့ လဲလှယ်ခဲ့ပါတယ်။ “ပစ္စည်းဟောင်းတွေက ရောင်းရခက်ပါတယ်။ အစားအသောက်နဲ့ လဲရတော့ အဆင်လည်း ပြေတယ်” လို့ အသက် ၂၈ နှစ်အရွယ် Lorraine က ပြောပါတယ်။
Bacolod မှာ ရှေ့နေတယောက်ဖြစ်တဲ့ Sigue က “အခုလိုအချိန်မှာ ကျမ လိုချင်တဲ့ ပစ္စည်းတွေ ခင်ပွန်းသည်ကို ဝယ်ပေးခိုင်းတာမျိုးက အဆင်မပြေပါဘူး။ တကယ်လို့ အခုလို ကပ်ရောဂါကြီးသာ ဖြစ်မလာဘူးဆိုရင် ကုန်ပစ္စည်း ဖလှယ်တာမျိုးက ခေတ်စားလာမယ် မထင်ဘူး” လို့ ပြောပါတယ်။
အဖွဲ့ဝင်ပေါင်း ၂ သိန်းကျော်ရှိတဲ့ Group ကို ဝင်ထားပြီး နေ့တိုင်း ခေါင်းလျှော်ရည်၊ မွေးနေ့ကိတ်ကစလို့ ဖုန်းနဲ့ Eyeliner အထိ လိုချင်တာတွေကို လဲနေကြတာလို့ Sigue က ဆိုပါတယ်။
“လူတွေလက်ထဲ ငွေမရှိတော့မှ ဝယ်ထားမိတဲ့ ပစ္စည်းတွေကို မြင်လာတာပါ။ ကိုယ့်အသက်ရှင် ရပ်တည်ဖို့ အတွက် ပစ္စည်းတွေ ရောင်းထုတ်ပစ်ရတာ တကယ်လည်း စိတ်ဓာတ်ကျမိပါတယ်” လို့ မေလကစပြီး ပစ္စည်း လဲလှယ်တဲ့ အဖွဲ့ဝင်ဖြစ်လာတဲ့ Ramirez က ပြောပါတယ်။
၅ ဒသမ ၂ သန်းသော ဖိလစ်ပိုင် မိသားစုတွေဟာ လွန်ခဲ့တဲ့ ၃ လအတွင်းမှာ တကြိမ်တော့ အစာငတ်ခံခဲ့ကြရပါတယ်။ ဒါဟာ ၆ နှစ်ကျော်အတွင်းမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်တယ်လို့ စစ်တမ်း ကောက်ယူခဲ့တဲ့ Social Weather Stations မှာ ဖော်ပြထားပါတယ်။
Ref: AFP
You may also like these stories:
ကိုဗစ်လှိုင်းများကြားက အာဆီယံ စီးပွားရေး
ဖိလစ်ပိုင်လေကြောင်း ခရီးသည်များ မျက်နှာကာများ တပ်ဆင် စီးနင်းရမည်