နီပေါလူမျိုး ရေခဲတောင်လမ်းပြအဖြစ် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၁၀ ကြိမ်တိုင် တက်ခဲ့ဖူးသူ ဂန္တဝင် တောင်တက်သမား Sherpa ဟာ အသက် ၇၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ တောင်တက်အဖွဲ့တာဝန် ရှိသူတွေက ပြောကြားလိုက်ပါတယ်။
နာမည်ပြောင် “Snow leopard” လို့ ခေါ်ကြတဲ့ Ang Rita Sherpa ဟာ ၁၉၈၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း အောက်စီဂျင် အကူအညီ မပါဘဲ ဧဝရတ်တောင်ထိပ်ကို တက်ရောက်ခဲ့သူပါ။ ကမ္ဘာပေါ်မှာ အောက်စီဂျင် အထောက်အကူ မပါဘဲ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ၁၀ ကြိမ်တိုင် တက်နိုင်ခဲ့တဲ့ တဦးတည်းသော မှတ်တမ်းတင်ထားသူလည်း ဖြစ်ပါတယ်။
တောင်ထိပ်ကို ၁၀ ကြိမ်တိုင် တက်ခဲ့တဲ့ထဲမှာ တကြိမ်က အသက်အန္တရာယ်များတာကြောင့် တောင်တက်သမား အများစု ရှောင်လေ့ရှိတဲ့ ဆောင်းဦးပေါက်ရာသီမှာ တက်ရောက်ခဲ့တာပါ။ တောင်တက်သမားတွေကတော့ အဆင်ပိုပြေတဲ့ တောင်တက်ရာသီခေါ် နွေဦးပေါက်ရာသီမှာ တက်လေ့ရှိကြပါတယ်။
“တောင်တက်လောကအတွက် ဆုံးရှုံးမှုကြီးပါပဲ” လို့ Temba Tsheri Sherpa က ဝမ်းနည်းစကား ဆိုပါတယ်။ သူဟာ အသက် ၁၆ နှစ်အရွယ် ၂၀၀၁ ခုနှစ်တုန်းက ဧဝရတ်တောင်ထိပ်ကို တက်ရောက်ခဲ့တဲ့ အသက်ငယ်ဆုံး တောင်တက် စံချိန်တင်ခဲ့ဖူးသူပါ။ အခုတော့ ၂၀၁၀ ခုနှစ်က တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Jordan Romero က အသက် ၁၃ နှစ်နဲ့ စံချိန်ချိုးလိုက်ပါပြီ။
ဝန်ကြီးချုပ် K.P.Sharma Oli ကလည်း Twitter ကတဆင့် မိသားစုတွေဆီကို ဝမ်းနည်းစကား ဆိုသလို Sherpa မှတ်တမ်းတင်နိုင်ခဲ့တဲ့ စံချိန်တွေဟာ အမြဲအမှတ်ရနေမယ့် အကြောင်းကို ရေးသားထားပါတယ်။
အခုလို အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပေမယ့် Ang Rita ဟာ ငွေကြေး အခက်အခဲတွေ ရှိခဲ့ပြီး သားသမီးတွေအပေါ်မှီခိုခဲ့ရတယ်လို့ တောင်တက်အဖွဲ့ဝင်တွေက ပြောပြပါတယ်။ သူဟာ ၁၉၉၉ ခုနှစ်ကစလို့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့ပြီး မဆုံးခင် နောက်ဆုံးအချိန်တွေမှာ အသည်းနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါ ဝေဒနာ အပြင်းအထန် ခံစားခဲ့ရပါတယ်။
နီပေါနိုင်ငံက တောင်တက်ကျွမ်းကျင်တဲ့ Sherpa တိုင်းရင်းသားမျိုးနွယ်တွေ အတွက်တော့ နိုင်ငံခြားသား တောင်တက်သမားတွေကို လမ်းပြလုပ်ပေးရင်း ထမင်းချက်၊ အထုပ်သယ်ကာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်ကို တက်ရောက် မှတ်တမ်းတင်နိုင်ဖို့က လူသိများစေတဲ့ အထိရောက်ဆုံး နည်းလမ်းတွေပါ။
Sherpa မျိုးနွယ်စုတွေထဲမှာ အရေအတွက် တော်တော်များများလည်း မှတ်တမ်းတင် စံချိန်တင်ထားနိုင်သူတွေပါ။ ဒီထဲက Kami Rita ကတော့ ဧဝရတ်တောင်ထိပ်ကို ၂၄ ကြိမ် တက်ရောက်နိုင်တဲ့ စံချိန် တင်ထားပါတယ်။
ကွယ်လွန်သွားတဲ့ Ang Rita Sherpa ရဲ့ အရင်းနှီးဆုံးမိတ်ဆွေလည်းဖြစ်၊ နီပေါတောင်တက်အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်သူ Ang Tshering Sherpa က စက်တင်ဘာ ၂၃ မှာ Sherpa ရိုးရာအရ မီးသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Ref: Kyodo News
You may also like these stories:
ဧဝရတ်တောင်ပေါ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး မော်ဒယ်ရှိုး ဂင်းနစ် မှတ်တမ်းဝင်
လူ အသေအပျောက် များလာပြီ ဖြစ်တဲ့ ဧဝရတ် တောင်တက်ခရီးစဉ်
ဧဝရတ်တောင် တက်ခဲ့တဲ့ တောင်တက်သမားတွေအကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ ဂျက်ကီချန်း ပါဝင်