အသက် ၇ နှစ်အရွယ် အာဖရိကမျိုးနွယ် ကြွက်လေးကို ရဲရင့်သတ္တိအရှိဆုံး တိရစ္ဆာန်အဖြစ် ဗြိတိန်နိုင်ငံတိရစ္ဆာန် ဆရာဝန်များ ရန်ပုံငွေအဖွဲ့ကနေ ထူးချွန်ဆုကို ပေးအပ်ခဲ့ပါတယ်။ အဆိုပါ ကြွက်လေးဟာ ကမ္ဘောဒီးယားနိုင်ငံမှာ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းများစွာကို ရှာဖွေပေးခဲ့တာပါ။
သူဟာ အန်ဂိုလာ၊ ဇင်ဘာဘွေနဲ့ မိုဇမ်းဘစ်နိုင်ငံတွေမှာ ငွေကြေးထောက်ပံ့ လှူဒါန်းပေးနေတဲ့ ဘယ်လ်ဂျီယံ အဖွဲ့အစည်း APOPO ကနေ လေ့ကျင့် သင်ကြားပေးထားတာပါ။ စတုရန်းပေ ၁ ဒသမ ၅ သန်းကျော် အကျယ်အဝန်းမှာ မြေမြှုပ်မိုင်း ၃၉ ခုအပါအဝင် အခြားပစ္စည်း ၂၈ မျိုးကိုပါ ရှာဖွေပေးနိုင်ခဲ့ပါတယ်။
“ရဲရင့်သတ္တိ ပြည့်စုံတဲ့ တကျွိကျွိမြည်သံ ကောင်လေး”လို့ နာမည်ပြောင်ပေးထားတဲ့ APOPO ရဲ့ အထူးချွန်ဆုံး သူရဲကောင်း ကြွက်လေးဟာ ယူကေရဲ့ ရန်ပုံငွေအဖွဲ့အစည်းကနေ ပေးအပ်တဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့တာပါ။ ရဲရင့်သတ္တိ အပြည့်နဲ့ လူ့အသက်တွေကို ကယ်တင်ပေးပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တာကြောင့် ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲကောင်းကြွက်လေး Magawa ဟာ APOPO အဖွဲ့ကြီးရဲ့ တကယ့်ကို ထူးခြားပြီး ထူးချွန်ပြောင်မြောက်သူဖြစ်တယ်လို့ ဆုချီးမြင့်ပေးခဲ့တဲ့ PDSA ရဲ့ ခေါင်းဆောင် Jan McLoughlin က ဆိုပါတယ်။ “သူရဲကောင်းကြွက်လေး Magawa ဟာ ဒီမြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အသက်ကို ကယ်တင်ပေးနေတာပါ” လို့ ပြောပါတယ်။ရဲရင့်သတ္တိအရှိဆုံး ၊ ရွှေတံဆိပ်ဆု ၊ ကြွက်လေး
ကမ္ဘောဒီးယားနိုင်ငံ၊ စီရမ်ရိမြို့မှာနေတဲ့ ကြွက်လေး Magawa ဟာ ၇၇ နှစ်တာ ကာလအတွင်းမှာ PDSA ကနေ ချီးမြင့်တဲ့ ရွှေတံဆိပ်ဆုရ ပထမဆုံးကြွက်လည်း ဖြစ်ပါတယ်။ တခြားရခဲ့ဖူးတဲ့ တိရစ္ဆာန်တွေကတော့ ကြောင်၊ ခွေးနဲ့ ခိုတွေလည်း ရခဲ့ဖူးပါတယ်။
၂၈ လက်မ ရှည်လျားတဲ့ ကိုယ်ခန္ဓာနဲ့ ၂ ဒသမ ၆ ပေါင် အလေးချိန်ရှိတဲ့ ကြွက်လေး Magawa ဟာ တင်းနစ်ကွင်း အကျယ်အဝန်း မြေနေရာကို မိနစ် ၃၀ အတွင်း အန္တရာယ်ဖြစ်စေတဲ့ မြေမြှုပ်မိုင်းတွေကို မြေကြီး ကုတ်ခြစ်ရင်း ရှာဖွေပေးတာပါ။
APOPO ကနေ လေ့ကျင့်သင်ကြားပေးတဲ့ အာဖရိကန် မျိုးနွယ်ဝင် ကြွက်တွေရဲ့ သဘော သဘာဝအရ မြေမြှုပ်မိုင်း ရှာဖွေရေး အလုပ်နဲ့ သင့်တော်ပြီး သူတို့ရဲ့ သက်တမ်းကတော့ ၈ နှစ်ထိ ရှိတယ်လို့ ဆိုပါတယ်။ APOPO ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၅၉ နိုင်ငံက လူဦးရေ သန်း ၆၀ ကျော်ဟာ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မှာ မြေမြှုပ်မိုင်းနဲ့ တခြား စစ်ပွဲ အကြွင်းအကျန်တွေကြောင့် လူဦးရေ ၆,၈၉၇ ဦး သေဆုံးနဲ့ ထိခိုက် ဒဏ်ရာတွေရခဲ့တယ်လို့ APOPO ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: New York Post