Trend

Q ဝင်သူတွေကို ပြုံးစေတဲ့ “ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရ မျှဝေခြင်း” အစီအစဉ်

Want create site? Find Free WordPress Themes and plugins.

Quarantine ဝင်ရတဲ့အခါ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုနဲ့ စိတ်အားငယ် ဝမ်းနည်းမှုတွေ ကြုံရတတ်ပါတယ်။ Quarantine စင်တာဆိုတာ မိမိရဲ့ နေအိမ် မဟုတ်တဲ့အတွက် နေသားမကျ ဖြစ်ရသလို မိသားစုနဲ့ ခဏတာ ခွဲခွာနေရတဲ့အတွက်လည်း စိတ်အားငယ် ဝမ်းနည်းမှုတွေ ကြုံရတတ်ပါတယ်။

Quarantine ဝင်ရတဲ့ ၁၄ ရက်တာ ကာလအတွင်းမှာ Q ဝင်ရတဲ့ ပြည်သူတွေနဲ့ Q စင်တာမှာ ပရဟိတ လုပ်ကိုင်နေတဲ့ Volunteer တွေကို တခဏတာ ပြုံးပျော်စေဖို့၊ စိတ်ဖိစီးမှုတွေ လျော့နည်းစေဖို့ ရွှေပြည်သာမြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ကနေ လုပ်ဆောင်နေတဲ့ အစီအစဉ်လေး တခုရှိပါတယ်။

“ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရ မျှဝေခြင်း” ဆိုတဲ့ အစီအစဉ်ကို ရွှေပြည်သာ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ကနေ ဦးဆောင် လုပ်ဆောင်နေပြီး၊ ဒီအစီအစဉ်ဟာ Quarantine စင်တာတွေမှာ နေ့စဉ် လှူဒါန်းပေးတဲ့ အစားအသောက်ဘူးတွေပေါ်မှာ ချစ်ခင်ကြင်နာမှုကို ပြသတဲ့ စာသားတွေ ရေးသားပြီး အစားအစာတွေကိုလည်း အာဟာရ မျှတအောင် သေချာစီမံပြီး လှူဒါန်းပေးနေတဲ့ အစီအစဉ်ပါ။

ရွှေပြည်သာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ လှူဒါန်းပစ္စည်းများ လက်ခံစဉ်

“ဒီအစီအစဉ်လေးက ကျမတို့ Quarantine ဝင်ရတဲ့ ပြည်သူတွေ၊ နောက်ပြီး အရမ်း ပင်ပန်းနေကြတဲ့ Volunteer တွေအတွက် စိတ်ဖိစီးမှုလေး ဖြေလျှော့ပေးနိုင်မလားဆိုပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု တရပ်အနေနဲ့ ကျမတို့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရဲ့ ချစ်ခြင်း မေတ္တာတရားကို ဖော်ပြတဲ့အနေနဲ့ “ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရ မျှဝေခြင်း” အစီအစဉ်ကို ပြုလုပ်ဖြစ်တာပါ”လို့ ရွှေပြည်သာမြို့နယ်၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ တပ်စုမှူး ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။

အဆိုပါ အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ Quarantine ဝင်နေသူတွေအတွက် စိတ်ခွန်အားပေးတာ ဖြစ်သလို ခန္ဓာကိုယ် ကျန်းမာရေးအတွက် လိုအပ်တဲ့ နေ့စဉ် အာဟာရရှိအောင်လည်း အစားအစာတွေကို စီမံပြီး လှူဒါန်း ကျွေးမွေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်စရာကောင်းတဲ့ စာသားတွေ အစားအသောက်ဘူးတွေပေါ်မှာ အခုလိုပဲ ရေးသားထားတာပါ။

“ကျမတို့ရဲ့ နောက်တခု ရည်ရွယ်ချက်က သူတို့ Quarantine စင်တာမှာ ထမင်း၊ ဟင်းတွေ စားမယ်။ ပြီးတော့ ဖြည့်စွက် အာဟာရတွေလည်း လိုမယ်။ သူတို့ ကိုယ်ခံစွမ်းအားတွေ ပိုကောင်းအောင်အတွက် ကျမတို့က ကစီဓာတ် ပါတဲ့ အစားအစာတွေ ကျွေးမယ်။ အသီးအရွက် ကျွေးမယ်။ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေ ကျွေးမယ်။ မြန်မာမုန့်တွေ ကျွေးမယ်ဆိုပြီး စီစဉ်ပေးတာ ဖြစ်ပါတယ်”လို့ တပ်စုမှူး ဒေါ်လဲ့လဲ့ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဒေါ်လဲ့လဲ့ဝင်းဟာ ရွှေပြည်သာမြို့နယ်၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှာ တပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သလို အင်းစိန်မြို့နယ်၊ “မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း”မှာလည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ရွှေပြည်သာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ လှူဒါန်းပစ္စည်းများ လက်ခံစဉ်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင် မဖြစ်ပွားခင် (တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ရောဂါ စတင်တွေ့ရှိချိန်) ကတည်းက ရွှေပြည်သာ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဟာ ကိုဗစ်နဲ့ ပတ်သက်ပြီး လေ့ကျင့် သင်ကြားမှုတွေ ရှိသလို လက်ရှိမှာလည်း Q ဝင်နေရသူတွေ၊ Volunteer လုပ်ကိုင်နေသူတွေအတွက် စိတ်ခွန်အားပေးတဲ့ အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဒီအစီအစဉ်ကို ဘယ်လို အိုင်ဒီယာရခဲ့လဲဆိုတော့ ကျမတို့ ကိုဗစ် ပထမလှိုင်းမှာကတည်းက ဝူဟန်မှာ စဖြစ်ကတည်းက ကျမတို့ကို မြန်မာနိုင်ငံ ကြက်ခြေနီ သူနာပြုအသင်းက လေ့ကျင့် သင်ကြားပေးခဲ့တာ ရှိတယ်။ ဒီမှာ ကျမတို့ ဒုတိယလှိုင်းမှာတော့ လုပ်ငန်းဆောင်တာတွေက အရှေ့ကာလမှာ အတွေ့အကြုံတွေ ရခဲ့တော့ ကြိုတင် ပြင်ဆင်ထားတာတွေ ရှိတယ်”

ရွှေပြည်သာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ လှူဒါန်းပစ္စည်းများ လက်ခံစဉ်

“နောက်တခုက ကျမတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer တွေက နေ့မအား ညမအား စိတ်ပင်ပန်းကြရပါတယ်။ သူတို့က ကျမက သူတို့ရဲ့ စိတ်ပင်ပန်းမှုတွေ ဖြေလျှော့မှု ပေးချင်တယ်။ ပြီးတော့ ကျမတို့ တန်ဖိုးထားရတဲ့ ပြည်သူတွေ စိတ်အားငယ်နေတဲ့အချိန်၊ Quarantine ဝင်နေရတဲ့ အချိန်မှာ သူတို့ရဲ့ Emotion တွေကို အတိုင်းအတာ တခုထိ လျှော့ချပေးချင်တယ်။ သူတို့ အားငယ်နေတဲ့အချိန်မှာ လုပ်ရပ်နဲ့ ထွေးပွေ့ခွင့် မရတဲ့အတွက် ကျမတို့ရဲ့ ချစ်ခြင်း မေတ္တာ တရားကို ဒီအရာလေးနဲ့ ဖော်ပြပေးတဲ့ သဘောပါ”လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။

နေ့စဉ် ပို့ပေးနေတဲ့ ထမင်းဘူးတွေနဲ့ အခြားသော အာဟာရ ရှိစေမယ့် အစားအစာဘူးတွေမှာ ချစ်ခြင်း မေတ္တာကို ဖော်ပြပေးတဲ့ စာသားတွေ၊ စိတ်ခွန်အားပေးတဲ့ စာသားတွေ၊ တခဏတာ ပြုံးပျော်စေမယ့် ဟာသဆန်ဆန် စာသားတွေကို တနေ့ တမျိုး ရေးပို့ပေးတာပါ။

အခုလို Quarantine ဝင်နေရတဲ့သူတွေအပေါ် နွေးထွေးစွာ စောင့်ရှောက်ပေးတဲ့ အပြုအမူတွေကြောင့်၊ Q စင်တာမှာ နေထိုင်ရသူတွေကလည်း သူတို့ရဲ့ နေ့စဉ်ဘဝကို တရက်ပြီး တရက် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်အောင် ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

“ပြည်သူတွေအားလုံးကို ကျမတို့ တန်ဖိုးထားတယ်။ Quarantine ဝင်တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ Quarantine ဝင်စဉ်ကာလမှာ အခက်အခဲလေးတွေ ရှိတယ်ဆိုပေမယ့် ကျမတို့ အားလုံး အတူတူ ဖြတ်သန်းကြမယ်ဆိုပြီးတော့ အားပေးဖြစ်ပါတယ်”လို့ ဒေါ်လဲ့လဲ့ဝင်းက ဆိုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပရဟိတ လုပ်ကိုင်နေတဲ့ Volunteer တွေ ကြုံနေရတဲ့ အဓိက အခက်အခဲကတော့ နေ့စဉ် ဝတ်ဆင်ရတဲ့ PPE တွေ၊ လက်အိတ်တွေ စတဲ့ ပစ္စည်းတွေ လိုအပ်မှုပါ။ ကိုဗစ် Positive သမားတွေနဲ့ Positive ဖြစ်နိုင်ချေရှိသူတွေကို အနီးကပ် ထိတွေ့ဆက်ဆံရတဲ့အတွက် ဒီအသုံးအဆောင် ပစ္စည်းတွေဟာ တခါသုံးဖြစ်တာကြောင့် အမြဲ လိုအပ်နေတယ်လို့ သိရပါတယ်။

Quarantine စင်တာတွေမှာ Q ဝင်ရသူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရတဲ့အခါ အခက်အခဲများစွာ ကြုံတွေ့ရပြီး အဲဒီ အခက်အခဲတွေအပေါ်မှာလည်း အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းပေးရသလို၊ Volunteer တွေအနေနဲ့လည်း ကိုယ်ကျိုးစွန့်ကာ ပစ္စည်းတွေကို မျှဝေ သုံးစွဲရတဲ့အတွက် PPE ပစ္စည်းတွေ မလောက်ငှတဲ့အခါ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

Q စင်တာတွေမှာ Volunteer လုပ်ကိုင်နေသူတွေအတွက် PPE ဝတ်စုံ လှူဒါန်းမှုတွေ လိုအပ်နေပါတယ်။

“ကျမတို့မှာ ဒါတွေက တခါသုံးပေါ့။ သုံးပြီးရင် ပစ်လိုက်ရတာတွေ ရှိတယ်။ Positive သမားတွေ၊ Positive ဖြစ်နိုင်ချေရှိသူတွေနဲ့ ကျမတို့က အနီးကပ် ထိတွေ့ဆက်ဆံနေရတဲ့အတွက် ဒီပစ္စည်းတွေက တခါသုံးပဲ။ ပြန်သုံးလို့ မရဘူး။ ကျမတို့ Volunteer အင်အား အလုံးအရင်းနဲ့ သုံးနေရတဲ့အတွက် ဒီပစ္စည်းတွေ ထောက်ပံ့မယ့်သူ မရှိရင် ကျမတို့ အခက်အခဲ ကြုံရနိုင်တယ်”လို့ ဒေါ်လဲ့လဲ့ဝင်းက ရှင်းပြပါတယ်။

“တကယ်တော့ ကိုဗစ်က ကျမတို့ကို စာမေးပွဲ စစ်တာပါ။ မေတ္တာတရားတွေ လွှမ်းခြုံပြီးတော့ ပိုကောင်းတဲ့ ပတ်ဝန်းကျင်တခုကို ကျမတို့ ဘာလို့ မဖန်တီးနိုင်ရမှာလဲ။ ဒီလိုမျိုး ခက်ခဲနေတယ်ဆိုရင် ကျမတို့က ဒါက အခက်အခဲ မဟုတ်ဘူး။ စာမေးပွဲတခု၊ ဘဝရဲ့ မှတ်တိုင်တခု၊ ခရီးတခု သွားနေတယ်၊ အတွေ့ကြုံသစ် ရတယ်လို့ အကောင်းဘက်ကနေ မြင်ကြည့်လို့ မရဘူးလား။ ဒါက ကျမတို့ မေတ္တာတရားကို စာမေးပွဲ စစ်တာပါ။ ကျမတို့ ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ”လို့ ဆိုပါတယ်။

ရွှေပြည်သာမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ တပ်စုမှူး ဒေါ်လဲ့လဲ့ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ရန်ကုန်မြို့မှာ Quarantine စင်တာ ၁၈ ခု၊ ရဲ ၊ အချုပ်သားတွေနဲ့ Lockdown Area တွေ အပါအဝင် နေ့စဉ် လူ ၁၀၀၀ ကျော်ကို အာဟာရ မျှဝေ လှူဒါန်းလျက်ရှိတယ်လို့ သိရပါတယ်။

“ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရ မျှဝေခြင်း” ဆိုတဲ့ အစီအစဉ်ကို ပြုလုပ်နေတာ ၄ ရက်မြောက်ရှိပြီ ဖြစ်ပြီး ဆိုရှယ်မီဒီယာမှာလည်း အဲဒီ အစီအစဉ်အပေါ် ချစ်စရာကောင်းတဲ့ မှတ်ချက်တွေ ရေးသား မျှဝေကြတာ တွေ့ရပါတယ်။ ရွှေပြည်သာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့အနေနဲ့လည်း ဒီထက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

“ကိုဗစ် ကူးစက်ခံရသူတွေကို အားပေးစေချင်တယ်”လို့ ကျော်သူ ပြော

လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်

Quarantine Center များတွင် အဆင့်မြင့်ပညာ ကဏ္ဍမှ ဝန်ထမ်းများ ပါဝင်ကူညီနိုင် ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading