ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေချိန်မှာ ကန့်သတ်ချက်အရ စားသောက်ဆိုင်တွေဟာ ယခင်ပုံစံဟောင်းကို စွန့်ပြီး လူမှုဘဝ ပုံစံသစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အပြင်အဆင်တွေကို ပြောင်းလဲရတော့မှာပါ။ ကူးစက်မှုတွေကြောင့် အလုံပိတ်အခန်း အတွင်းပိုင်းထက် အပြင်ဘက်နေရာတွေမှာ တည်ခင်းလာကြတဲ့ ပုံစံတွေ ခေတ်စားလာပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ပြင်သစ်စားသောက်ဆိုင် Café du Soleil ရဲ့ တီထွင်ဆန်းသစ်မှု အပြင်အဆင်က လူပြောများနေပါတယ်။ ပလတ်စတစ်အကြည် ပူဖောင်းရွက်ဖျင်တဲကြီးတွေက ဆိုင်အပြင်ဘက် လူသွားလမ်းတလျှောက်မှာ နေရာယူထားပြီး ဆိုင်ထိုင်စားမယ့်သူတွေအတွက် သီးခြားစီဖြစ်အောင် ဖန်တီးပေးထားတာပါ။
၇ ပေအရှည်ရှိတဲ့ အမိုးခုံး ပူဖောင်းရွက်ဖျင်တဲကြီးတွေကို ဆိုင်အပြင်ဘက်တလျှောက် ၁၈ ခုလောက် အစီအရီ စီတန်းပေးထားပြီး၊ ပူဖောင်းရွက်ဖျင်တဲတခုမှာ လူ ၆ ယောက်လောက် စားသောက်နိုင်သလို၊ တပြိုင်တည်း ဧည့်သည် အယောက် ၈၀ ကျော် တည်ခင်းနိုင်တယ်လို့ ဆိုပါတယ်။
“ပူဖောင်းရွက်ဖျင်တဲ အပြင်အဆင်ကို သဘောကျနှစ်သက်ကြတယ်ဆိုတဲ့ သတင်းစကားတွေ ပြန်ကြားရပါတယ်။ ကြိုတင်ဘိုကင်တင်သူတွေဆိုလည်း ပူဖောင်းရွက်ဖျင်တဲကိုပဲ အမေးများတယ်” လို့ Café du Soleil ဆိုင်ပိုင်ရှင် Alain Chevreux က ပြောပြပါတယ်။
အလုံပိတ်ထားနိုင်တဲ့ ရွက်ဖျင်တဲတွေဖြစ်လို့ မိုးရာသီအတွက် အဆင်ပြေပေမယ့် ဆောင်းတွင်းလို ရာသီဥတု အေးတဲ့အချိန်မှာတော့ ပလတ်စတစ်သားဖြစ်လို့ အပူပေးလွှတ်ထားပေးနိုင်တာမျိုး လုပ်မရဘူးလို့ ဆိုင်ပိုင်ရှင် Chevreux က ဆိုပါတယ်။
နယူးယောက်မြို့က စားသောက်ဆိုင် ၂၅ ရာခိုင်နှုန်း ဖွင့်ခွင့်ပြုထားတယ်ဆိုပေမယ့် ဒါဟာ စားသောက်ဆိုင်တွေအတွက် အဆင်ပြေလောက်တဲ့ အတိုင်းအတာ ရှိရဲ့လားဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
NYC Hospitality Alliance ရဲ့ စမ်းတမ်းကောက်ယူမှုအရ နယူးယောက်ရှိ ဘားနဲ့ စားသောက်ဆိုင် ၉၀ ရာခိုင်နှုန်းနီးပါးဟာ သြဂုတ်လအတွင်းမှာ ငှားရမ်းခ အဆင်မပြေတာတွေ ဖြစ်လာတာကြောင့် အပြီးတိုင် ပိတ်ပစ်ရဖို့ ရှိနေပါတယ်။ ပြည်တွင်းစီးပွားရေး စစ်တမ်းအရလည်း သြဂုတ်အထိ ဘားနဲ့စားသောက်ဆိုင်ပေါင်း ၃ သောင်းကျော် ပိတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နယူးယောက် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတချို့ကို ယာယီရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။
Ref: Fox Business
You may also like these stories:
Q ဝင်သူတွေကို ပြုံးစေတဲ့ “ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရ မျှဝေခြင်း” အစီအစဉ်
Amazon ပိုင် Ring ကနေ ရောင်းချပေးမယ့် အိမ်တွင်းလုံခြုံရေး ဒရုန်းငယ်