တရုတ်နိုင်ငံရဲ့ အားလပ်ရက် ပိတ်ရက်ရှည်မှာ ခရီးသွားလာနေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်တွင်းခရီးသွားတွေကြောင့် COVID-19 ကူးစက်မှုအသစ် ထပ်မံဖြစ်ပေါ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ စတင်တဲ့ အားလပ်ရက်ရှည်ကြောင့် ပြည်တွင်းခရီးသွား သန်း ၆၀၀ လောက်ဟာ နိုင်ငံတွင်းမှာ လှည့်လည်သွားလာ လည်ပတ်နေကြတာပါ။
နိုင်ငံရဲ့ အမျိုးသားနေ့ ရွှေရောင်ရက်သတ္တပတ်လို့ တင်စားကြတဲ့ ၁ ပတ်ကြာ အားလပ်ရက်ရှည် စတင်နေပြီ ဖြစ်ပါတယ်။ ဒါဟာ COVID-19 ကပ်ရောဂါကြီး စတင်ပျံ့နှံ့ခဲ့ချိန် ဧပြီလနောက်ပိုင်း ပထမဆုံး ပိတ်ရက်ကာလလည်း ဖြစ်ပါတယ်။
Mid-Autumn Festival ပွဲတော်ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်တာဖြစ်ပါတယ်။ COVID-19 ကာလ Lockdown ချ ကန့်သတ်ပိတ်ပင်ထားမှုတွေ ဖြေလျော့ပြီးနောက်ပိုင်း နိုင်ငံတွင်းနေ လူလတ်တန်းစားအများစုရဲ့ အလုပ်ပိတ်ရက်ရှည် ဖြစ်တာကြောင့် ခရီးသွားလာသူတွေအပြင် မိသားစုလိုက် ဈေးဝယ်ထွက်သူတွေနဲ့ စည်ကားနေပါတယ်။
ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပိတ်ရက်ရှည်ကာလအတွင်း နိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးလောက် ပြည်တွင်းခရီးထွက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘေဂျင်းအုပ်ချုပ်သူတွေနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး တင်းမာနေပေမယ့်လည်း ရှန်ဟိုင်း Disneyland ကို နေ့စဉ် လာရောက်သူ ၈ သောင်းနီးပါး ရှိပါတယ်။
အမေရိကန်ကုမ္ပဏီနဲ့ ပူးတွဲဖွင့်လှစ်ထားတဲ့ ၃၉၀ ဟက်တာ ကျယ်ဝန်းတဲ့ Disneyland ဟာ တရုတ်နိုင်ငံတွင်းမှာ ခရီးသွားဧည့်သည် စိတ်ဝင်စားမှုအများဆုံး ထိပ်ဆုံးနေရာ ၁၀ ခု စာရင်းဝင်လည်း ဖြစ်ပါတယ်။ COVID-19 ကာလအပြီး ကာလရှည်ကြာ ပိတ်ထားရာကနေ နေရာအားလုံးရဲ့ ၃ ပုံ ၂ ပုံ ပြန်ဖွင့်ခွင့်ရနေပါပြီ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်းရှိ Yellow Cranes Tower မှာလည်း အားလပ်ရက် ပိတ်ရက်ရှည်ကြောင့် ဒေသခံ ၈ သိန်းနီးပါးလောက်နဲ့ ပြည့်ကျပ်နေပါတယ်။ ၇၆ ရက်ကြာ Lockdown ကြောင့် ခြောက်သွေ့ခဲ့တဲ့ ဝူဟန်မြို့မှာ လူစုလူဝေးနဲ့ ပြန်လည် စည်ကားလာနေပါပြီ။ ဝူဟန်ဟာ လက်ရှိမှာ ၅၉ ရက်ကြာ ရောဂါကူးစက်မှု မရှိ စံချိန်တင်နေဆဲပါ။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး မြန်နှုန်းမြင့် ရထားပို့ဆောင်ရေး နေရာဖြစ်တဲ့ Guangzhou တောင်ဘက် ဘူတာမှာ ကပ်ရောဂါ ကာလနောက်ပိုင်း အများဆုံးအဖြစ် အောက်တိုဘာ ၁ ရက် အားလပ်ရက် စတင်ချိန်က ခရီးသည် ၄ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။
အစိုးရဘက်က တရားဝင် ထုတ်ပြန်ချက်တွေအရ တရုတ်နိုင်ငံတွင်းမှာ အားလပ်ရက်ရှည် စတင်ခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစလို့ ပြည်တွင်း ကူးစက်မှုတွေ မရှိဘူးလို့ ဆိုပါတယ်။ အမျိုးသားကျန်းမာရေးကောင်စီကလည်း ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ Guangzhou မြို့တွေမှာ ပြည်ပမှ ကူးစက်လာမှုတချို့ ရှိခဲ့ပေမယ့် ပြည်တွင်းကူးစက်မှု မရှိသလို တစိတ်တဒေသ Lockdown ချ ကန့်သတ်ထားရတာမျိုးလည်း မရှိသေးဘူးလို့ ဆိုပါတယ်။
Ref: Asia Times
You may also like these stories:
ပူဖောင်းရွက်ဖျင်တွဲတွေနဲ့ ဖန်တီးထားတဲ့ နယူးယောက်က စားသောက်ဆိုင်
Thai Airways ရဲ့ လေယာဉ်စီးပြီး နိုင်ငံအနှံ့ လည်ပတ်ခံစားနိုင်မယ့် ခရီးစဉ်