တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့က ၃၃ ထပ် အဆောက်အအုံ မီးလောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကိုရီးယားမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မီးခိုးငွေ့တွေကြောင့် လူ ၈၀ ကျော်ကိုလည်း ဆေးရုံတင် ကုသပေးထားရပါတယ်။
မီးသတ်သမားတွေဟာ အထပ်မြင့် အဆောက်အအုံကြီးကို မီးညွှန့်ကျိုးသွားအောင် နာရီပေါင်း ၉ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။ ဘူဆန်မြို့၊ ဂွမ်ဂျူးမြို့တို့ရဲ့ အိမ်နီးချင်းမြို့ နိုင်ငံအရှေ့တောင်ပိုင်း အူလ်ဆန်က ၃၃ ထပ်ရှိ အထပ်မြင့် အဆောက်အအုံဟာ အောက်တိုဘာ ၈ ရက် ည ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အူလ်ဆန်မြို့ လူနေတိုက်ခန်းနဲ့ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ၃၃ ထပ် Samhwan Art Noveau တာဝါ မီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခတ်တာကြောင့် အချိန်တိုအတွင်း အဆောက်အအုံ တခုလုံး မီးကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။
မီးတောက်တွေကို အချိန် ၂ နာရီအတွင်း ငြိမ်းသတ်နိုင်ခဲ့ပေမယ့် အဆက်မပြတ် တိုက်ခတ်နေတဲ့လေပြင်းတွေကြောင့် မီးလုံးဝ မငြိမ်းသွားဘဲ ၁၃ နာရီကျော်ကြာ သောကြာနေ့ မနက်ပိုင်းထိ ငြိမ်းသတ်ခဲ့ရတာပါ။
မီးခိုးငွေ့တွေကြောင့် လူ ၈၈ ယောက်ကို အနီးနားက ဆေးရုံတွေဆီ ပို့ပေးထားပြီး သေဆုံးသူတယောက်မှ မရှိဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒေသခံမီဒီယာတွေမှာလည်း လေပြင်းတိုက်ခတ်တာကြောင့် အချိန်တိုတွင်း မီးကူးစက် လောင်ကျွမ်းသွားပြီး မီးငြိမ်းသတ်ဖို့ ခက်ခဲခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်ကြောင်း ရေးသားပါတယ်။
ဒေသစံတော်ချိန် ည ၁၁ နာရီလောက်မှာ ဈေးဆိုင်ခန်း ၁၂၀ ကျော်ရှိတဲ့ Samhwan Art Noveau တာဝါ အဆောက်အအုံရဲ့ ၈ ထပ်နဲ့ ၁၂ ထပ်ကြားကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မျက်မြင်သက်သေ တဦးကတော့ “ချက်ချင်းဆိုသလို အိမ်ဘေးနံရံ၊ ပြတင်းပေါက်အကာအရံတွေဆီ မီးတောက်တွေ တက်လာပြီး ဧည့်ခန်းရော၊ အိပ်ခန်းတွေပါ မီးကူးစက်ကုန်တာ” လို့ ပြောကြားခဲ့ပါတယ်။
နောက်ထပ် မျက်မြင်တဦးကတော့ ကာရံထားတဲ့ အပြင်ဘက်ဘေးနံရံတွေကြောင့် အဆောက်အအုံတခုလုံး အချိန်တိုတွင်း မီးကူးစက်လောင်ကျွမ်းသွားတာလို့ ပြောပါတယ်။ တာဝန်ရှိသူတွေကတော့ မီးလောင်ရတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးဘဲ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Ref: Yonhap News
You may also like these stories:
တရုတ်မှာ အားလပ်ရက်ရှည်ကြောင့် ပြည်တွင်း ကူးစက်မှုအသစ် ရှိလာနိုင်မလား
ဝန်ထမ်းတွေအစား AI စက်ရုပ် အသုံးပြုနေတဲ့ တောင်ကိုရီးယား ဘာဂါဆိုင်
ပူဖောင်းရွက်ဖျင်တွဲတွေနဲ့ ဖန်တီးထားတဲ့ နယူးယောက်က စားသောက်ဆိုင်