ကနေဒါနိုင်ငံမှာ ၂၀၂၀ ခုနှစ်ကုန်ကစလို့ တခါသုံး ပလတ်စတစ်အိတ် သုံးစွဲမှုကို စတင်တားမြစ်တော့မှာပါ။ တခါသုံး ပလတ်စတစ်တွေ၊ တခါသုံးပိုက်တွေနဲ့ အစားအသောက် ထုပ်ပိုးမှုစတဲ့ Recycle ပြန်လုပ်လို့မရတဲ့ အမျိုးအစားတွေကို ၂၀၂၁ ခုနှစ်အကုန်ပိုင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သုံးစွဲမှု ရပ်တန့်ဖို့ မျှော်မှန်းထားပါတယ်။
တခါသုံး ပလတ်စတစ် သုံးစွဲမှု တားမြစ်ချက်ဟာ ၂၀၃၀ ခုနှစ်မှာ စွန့်ပစ် ပလတ်စတစ်အမှိုက် လုံးဝ မရှိ ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်မယ့် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။
“စွန့်ပစ်ပလတ်စတစ်တွေက သဘာဝ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေတာပါ။ မြစ်တွေ၊ ရေကန်တွေမှာလည်း စွန့်ပစ်ပလတ်စတစ်တွေနဲ့ပဲ ပိတ်ဆို့ နေပါတယ်။ အထူးသဖြင့် သမုဒ္ဒရာထဲမှာ ပြည့်နေတဲ့ ပလတ်စတစ်တွေကြောင့် ရေနေသတ္တဝါတွေရဲ့ အသက်ကိုပါ ဆုံးရှုံးနေရတယ်။ ကနေဒါနိုင်ငံမှာလည်း အဆိုပါ ဆိုးကျိုးတွေကို မြင်တွေ့ခံစားနေရပြီ” လို့ ကနေဒါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး Jonathan Wilkinson က ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံရဲ့ ရေထဲမှာ တခါသုံး ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေက အများဆုံး တွေ့ရတာပါ။ ဝန်ကြီးချုပ် Justin Trudeau ကလည်း တခါသုံး ပလတ်စတစ် ပစ္စည်းတွေကို တားမြစ်သွားမယ့်အကြောင်း မနှစ်ထဲက ကြေညာထားတာပါ။ ဒါကြောင့်လည်း တခါသုံး ပလတ်စတစ်တွေကို အဓိကထား တားမြစ်သွားမှာဖြစ်တယ်လို့ ဝန်ကြီး Wilkinson က ဆိုပါတယ်။
“တခါသုံးပလတ်စတစ်တွေက ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ Recycle ပြန်လုပ်ဖို့လည်း ခက်တယ်။ သူတို့နေရာမှာ အစားထိုး သုံးစရာလည်း ရှိနေပြီ” လို့ Wilkinson က ဆိုပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကနေဒါနိုင်ငံသားတွေဟာ နှစ်စဉ် ပလတ်စတစ် တန်ချိန် ၃ သန်းကျော် စွန့်ပစ်နေကြပြီး ဒီထဲကမှ ၉ ရာ ခိုင်နှုန်းလောက်ပဲ Recycle ပြန်လုပ်နိုင်ပါတယ်။
အသစ်ချမှတ်မယ့် စည်းမျဉ်းအသစ်ကို ၂၀၂၁ ခုနှစ်ထိအောင် အသက်ဝင်မှာ မဟုတ်သေးပေမယ့် အစိုးရပိုင်းက တခါသုံး ပလတ်စတစ်တွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို ပြည်သူတွေ ဘက်ကနေ ဒီဇင်ဘာ ၉ ရက်နေ့ထိ အမြင်နဲ့ သဘောထားတွေ ပြန်လည် ပေးပို့နိုင်ပါတယ်။
လက်ရှိမှာလည်း ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနေမှုဘဝ ပုံစံသစ်မှာ လူတွေဟာ ယခင်ကထက် တခါသုံး အကာအကွယ် ဆေးပစ္စည်းတွေကို နေ့စဉ် သုံးစွဲလာရပါတယ်။ “တားမြစ်မယ့် တခါသုံး ပလတ်စတစ် အမျိုးအစားတွေထဲမှာ PPE နဲ့ တခြားဆေးဘက်သုံး ပစ္စည်းတွေ မပါဝင်ဘူး” လို့ Wilkinson က ဆိုပါတယ်။
“နိုင်ငံတော်တော်များများမှာ တွေ့ကြုံနေရတဲ့ PPE နဲ့ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ အကြောင်းကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ PPE ပစ္စည်းတွေကို Recycle ပြန်လုပ်နိုင်အောင် ဒါမှမဟုတ် တခြားသဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေမယ့် နည်းလမ်းတွေကိုလည်း ရှာဖွေနေတယ်” လို့ ဝန်ကြီး Wilkinson က ပြောသွားပါတယ်။
Ref: edition.cnn
You may also like these stories:
တောင်ကိုရီးယား အူလ်ဆန်မြို့က ၃၃ ထပ်အဆောက်အအုံ မီးလောင်ကျွမ်း
တရုတ်မှာ အားလပ်ရက်ရှည်ကြောင့် ပြည်တွင်း ကူးစက်မှုအသစ် ရှိလာနိုင်မလား
ဝန်ထမ်းတွေအစား AI စက်ရုပ် အသုံးပြုနေတဲ့ တောင်ကိုရီးယား ဘာဂါဆိုင်