ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၁ ရက်က ဘတ်စ်ကားနဲ့ ရထားတွဲ တိုက်မိတာကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးပြီး၊ လူ ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ လူ ၆၀ တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ အလှူအတွက် ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းမှာ မတော်တဆမှု ဖြစ်ခဲ့တာပါ။
မတော်တဆမှုဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၅ မိနစ်လောက်မှာ ဘန်ကောက်မြို့အရှေ့ဘက် မိုင် ၄၀ (၆၃ ကီလိုမီတာ) ကွာဝေးတဲ့ Khlong Kwaeng Klan ဘူတာနားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်ပွားရာ Chachoengsao ခရိုင်အကြီးအကဲ Maitree Tritilanon က ဆိုပါတယ်။
စက်ရုံဝန်ထမ်းအယောက် ၆၀ ကို တင်ဆောင်လာခဲ့တဲ့ ဘတ်စ်ကားဟာ အလှူအတွက် ဘုန်းကြီးကျောင်းကို အသွား၊ မီးရထားသံလမ်းအဖြတ်မှာ အရှေ့ကနေ ဘန်ကောက်မြို့တော်ဆီ ဦးတည်လာနေတဲ့ ရထားနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ဘတ်စ်ကားက တိုက်မိခဲ့တဲ့ အရှိန်နဲ့ တပတ် လည်ထွက်သွားပြီး ဘေးအကာရံတွေနဲ့ ခေါင်းမိုးပါ ပွင့်ထွက်သွားကာ အပျက်အစီး အပိုင်းအစတွေ မြေပြင်မှာ ပြန့်ကျဲနေပါတယ်။ ရထားတွဲကတော့ အနည်းငယ် ထိခိုက်ပျက်စီးပြီး သံလမ်းပေါ်မှာပဲ ရပ်နေခဲ့တယ်လို့ သွားရောက် ကယ်ဆယ်တဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။
အကြီးအကဲ Maitree က သံလမ်းအဖြတ်နေရာမှာ ရထားလာနေချိန် အချက်ပေးသံ မြည်ပေမယ့် တားဆီး ကာရံထားတာမျိုး မရှိတာကြောင့် အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ရထားလာတာ မြင်ကွင်းရှင်းအောင် သစ်ပင်တွေ ခုတ်ထားသင့်သလို အရှိန်ထိန်းအကာအရံနဲ့ တားဆီးထားသင့်တယ်လို့ ဒေသခံ တာဝန်ရှိသူတွေကို ပြောဆိုလိုက်ပါတယ်။
“အခုဖြစ်သွားတဲ့ မတော်တဆမှုကို သင်ခန်းစာယူပြီး ဒီနေရာမှာ နောက်ထပ်တကြိမ် ထပ်မဖြစ်အောင် အန္တရာယ်ရှိတာတွေကို ပြန်လည် ပြင်ဆင်ထားသင့်တယ်” လို့ Maitree က ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရဲ့ လမ်းမတွေဟာ မတော်တဆမှုကြောင့် သေဆုံးမှုများတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစလို့ အန္တရာယ်ဘေးကင်းရေးအတွက် တိုက်တွန်း နှိုးဆော်မှုတွေ ပြုလုပ်နေပေမယ့် တိုးတက်မှုနှုန်းကတော့ အနည်းငယ်ပဲ ရှိနေပါသေးတယ်။
Ref: Reuters
You may also like these stories:
တောင်ကိုရီးယား အူလ်ဆန်မြို့က ၃၃ ထပ်အဆောက်အအုံ မီးလောင်ကျွမ်း
တရုတ်မှာ အားလပ်ရက်ရှည်ကြောင့် ပြည်တွင်း ကူးစက်မှုအသစ် ရှိလာနိုင်မလား
ဂျပန်နိုင်ငံမှာ သြဂုတ်လအတွင်း ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်