အီတလီ ဂျူဗင်တပ်စ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒို တယောက် COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ် ကူးစက်ခံရတာကြောင့် အောက်တိုဘာ ၁၄ ရက်မှာ ကန်မယ့် ပေါ်တူဂီနဲ့ ဆွီဒင်အသင်းတို့ရဲ့ ပြိုင်ပွဲကနေ နုတ်ထွက်သွားပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရတာဖြစ်ပြီး အခုတော့ တယောက်တည်း သီးခြားနေကာ ကုသမှု ခံယူနေပါတယ်။ “ရောဂါလက္ခဏာတွေ မရှိဘူး။ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အခုတော့ သီးခြားခွဲနေတယ်” လို့ ရော်နယ်ဒိုက ဆိုပါတယ်။
နိုင်ငံအသင်းပွဲစဉ်အတွက် ရောက်နေကြတဲ့ တခြားပေါ်တူဂီ ကစားသမားတွေကိုလည်း ဆွီဒင်နဲ့ ပွဲမတိုင်ခင် COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အကုန်လုံး ကူးစက်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ “ရော်နယ်ဒို ကူးစက်ခံထားရပြီဆိုတာနဲ့ အသင်းက တခြားကစားသမားတွေကိုလည်း အောက်တိုဘာ ၁၃ ရက်မနက်ပိုင်းက ဗိုင်းရပ်စ် စစ်ဆေးခဲ့ပါတယ်။ အကုန်လုံး ကူးစက်မှု မတွေ့ရလို့ ဗုဒ္ဓဟူးနေ့ ပွဲအတွက် နည်းပြ Fernando Santos နဲ့အတူ လေ့ကျင့်ရေးဆင်းနေကြပြီ” လို့ ပြောပါတယ်။
ရော်နယ်ဒိုဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပေါ်တူဂီအသင်းအတွက် အရင်ပတ်က စပိန်အသင်းပွဲစဉ်၊ အောက်တိုဘာ ၁၁ ရက်က ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ပွဲစဉ်တွေမှာ ကစားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ရော်နယ်ဒိုဟာ ဆွီဒင်နဲ့ပွဲအပြင် ကလပ်အသင်း ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေပွဲစဉ်၊ ချန်ပီယံလိဂ် ပွဲစဉ်ကိုပါ မပါဝင်နိုင်တော့ပါဘူး။
ကလပ်အသင်းတချို့ကတော့ ကူးစက်မှုတွေကြောင့် နိုင်ငံတကာပွဲစဉ်တွေဆီ ကစားသမားတွေကို မလွှတ်ပေးတာမျိုးတွေလည်း ရှိနေပါတယ်။ ရော်နယ်ဒိုဟာ တနင်္လာနေ့က ဆိုရှယ်မီဒီယာပေါ် အသင်းဖော်တွေနဲ့အတူ အစားအသောက် စားနေပုံတွေ တင်ခဲ့ပါသေးတယ်။
ရှေ့တန်းတိုက်စစ်မှူး ခရစ္စတီရာနို ရော်နယ်ဒိုဟာ အရင်လက ပေါ်တူဂီနဲ့ ဆွီဒင်ပွဲမှာ သူ့ရဲ့ ဂိုး ၁၀၀ မြောက်ကို သွင်းခဲ့ပါသေးတယ်။ ဒါ့အပြင် စီးရီးအေကလပ် ဂျူဗင်တပ်စ်နဲ့အတူ ဒီနှစ်ရာသီသစ်မှာ ၂ ပွဲပါဝင်ထားပါတယ်။ ရော်နယ်ဒိုဟာ မိခင်ကျန်းမာရေးကြောင့် ဒီနှစ်အစောပိုင်း ပေါ်တူဂီ ပြန်တုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် Quarantine နေထိုင်ခဲ့ရပါတယ်။
Ref: edition.cnn