အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ ဓာတ်အားပြတ်တောက်ခဲ့တာကြောင့် ရထားစီးခရီးသည် သောင်းနဲ့ချီ သောင်တင်ခဲ့ပါတယ်။ လမ်းမတွေပေါ်မှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ယာဉ်ထိန်းရဲတွေက ဖြေရှင်းပေးခဲ့ရတဲ့အပြင် အရေးကြီးတဲ့ COVID-19 ကုသရေးဆေးရုံတွေကို အရေးပေါ်ဓာတ်အား လွှတ်ပေးခဲ့ရပါတယ်။
နိုင်ငံရဲ့ စီးပွားရေးအချက်ချာကျ မွမ်ဘိုင်းမြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့က ဓာတ်အားပြတ်တောက်ခဲ့လို့ ရထားပို့ဆောင်ရေးလုပ်ငန်း အပါအဝင် တော်တော်များများ ရပ်တန့်သွားခဲ့တာကြောင့် မြို့ခံ သန်းနဲ့ချီ အခက်တွေ့ခဲ့ရပါတယ်။
တမြို့လုံးအတိုင်းအတာနဲ့ ဓာတ်အားပြတ်တောက်တာဟာ ၂ နှစ်အတွင်းမှာ ပထမဆုံးလည်းဖြစ်ပါတယ်။ Maharashtra ပြည်နယ်၊ မွမ်ဘိုင်းမြို့ လျှပ်စစ်ဝန်ကြီးက ဓာတ်အားပြုပြင်ရေးလုပ်ငန်းပိုင်းမှာ နည်းပညာ ချို့ယွင်းမှုကြောင့် ဓာတ်အားပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိချိန်မှာတော့ မြို့နေရာတော်တော်များများကို ဓာတ်အား ပြန်လည်ပေးပို့နိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒေသခံမီဒီယာတွေမှာ ဓာတ်အားပြတ်တောက်မှုကြောင့် ရထားစီးခရီးသည်အများအပြား ခြေလျင်သွားနေကြပုံကို ဖော်ပြခဲ့ကြပါတယ်။
ရထားလိုင်းတွေဟာ မြို့နေလူထု သန်း ၂၀ ကျော်ရဲ့ အဓိကအားထားရာ အများပြည်သူသုံး ပို့ဆောင်ရေး တခုလည်း ဖြစ်ပါတယ်။ ဓာတ်အားပြတ်တောက်မှုကြောင့် လမ်းပေါ်က အချက်ပြမီးတွေအစား ယာဉ်ထိန်းရဲတွေ ကိုယ်တိုင် ယာဉ်ကြော ရှင်းလင်းပေးခဲ့ရပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒုတိယအများဆုံး အိန္ဒိယရှိ ကူးစက်ခံလူနာ အများဆုံးဒေသထဲမှာပါတဲ့ မွမ်ဘိုင်းက COVID-19 ကုသရေးဆေးရုံတွေကိုတော့ အရေးပေါ်ဓာတ်အား လွှတ်ပေးထားဖို့ ပြည်နယ်အစိုးရက တောင်းခံခဲ့ပါတယ်။
မွမ်ဘိုင်း နိုင်ငံတကာလေဆိပ်နဲ့ အဓိကစတော့အိတ်ချိန်း ၂ ခုလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ မွမ်ဘိုင်းမြို့ ကောလိပ်ကျောင်းတွေရဲ့ ဖိုင်နယ်စာမေးပွဲတွေကိုတော့ ဓာတ်အား ပြတ်တောက်မှုကြောင့် ရွှေ့ဆိုင်းလိုက်ပါတယ်။
ဓာတ်အား ပြတ်တောက်ပြီး မိနစ်ပိုင်းအကြာမှာပဲ မြို့နေလူထုတွေက ဘူတာရုံထဲ သောင်တင်နေတဲ့ လူအုပ်ပုံတွေကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် အပြိုင်အဆိုင် တင်ခဲ့ကြသလို၊ အခြေအနေတွေကို ဟာသရုပ်ပြောင်ပုံတွေနဲ့လည်း ပုံဖော်ခဲ့ကြပါသေးတယ်။
Ref: DW