ကမ္ဘာ့တန်ဖိုးအရှိဆုံး ဇိမ်ခံနဲ့ ပရီမီယမ်ကုမ္ပဏီတွေဟာ COVID-19 ရောဂါ ဖြစ်ပွားမှု ရလဒ်ကြောင့် Brand တန်ဖိုး ဒေါ်လာ ၃၅ ဘီလီယံဖိုး အထိနာနိုင်ကြောင်း လန်ဒန်အခြေစိုက် Brand တန်ဖိုးအကြံပေးကုမ္ပဏီ Brand Finance ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Brand Finance ဟာ အခုနှစ် ဇန်ဝါရီလ ကုန်ပစ္စည်းတန်ဖိုးနဲ့ အခု COVID-19 ဖြစ်ပွားရာ ကာလမှာ တန်ဖိုးနှစ်ခုကို နှိုင်းယှဉ် တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အစီရင်ခံစာထဲမှာ အဝတ်အထည်၊ မော်တော်ကား၊ အလှကုန်နဲ့ တကိုယ်ရည်သုံးပစ္စည်း ဆိုပြီး ကဏ္ဍတွေ ခွဲထားပြီး အဝတ်အထည် ကဏ္ဍမှာတော့ COVID-19 ကြောင့် အထိခိုက်ရဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီကဏ္ဍမှာ Brand တန်ဖိုး ၂၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မော်တော်ကား ကဏ္ဍကတော့ အလယ်အလတ်အဆင့် ထိခိုက်ပြီး ၁၀ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ အလှကုန် ထုတ်ကုန်ပစ္စည်းတွေကတော့ ကပ်ရောဂါရဲ့ ထိခိုက်မှုဒဏ်ကနေ တော်တော်လေးကို သက်သာရာရခဲ့တယ်လို့ ဆိုပါတယ်။
ဂျာမန် မော်တော်ကားကုမ္ပဏီ Porsche ကတော့ Brand တန်ဖိုး ဒေါ်လာ ၃၃ ဒသမ ၉ ဘီလီယံအထိ တက်လာခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံနဲ့ ပရီမီယမ် Brand အဖြစ် ရပ်တည်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Porsche ဟာ ၂၀၁၉ ခုနှစ် တနှစ်တည်းမှာတင် တရုတ်နိုင်ငံမှာ ကားအစီးရေ ၈ သောင်း ၆ ထောင်ကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။
Gucci ကတော့ ဒုတိယနေရာမှာ ရှိနေပြီး Brand တန်ဖိုး တွက်ချက်မှုမှာတော့ ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ရှိပါတယ်။ Louis Vuitton ကတော့ တတိယနေရာမှာ ရှိနေပြီး Brand တန်ဖိုး တွက်ချက်မှုမှာ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ ရှိပါတယ်။ ထိပ်တန်း Brand ၁၀ ခု စာရင်းမှာတော့ Cartier, Chanel, Hermes, Ferrari, Rolex နဲ့ Dior တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
လေ့လာမှုရဲ့အဆိုအရ Givenchy ဟာ အခုနှစ်အတွင်းမှာ အမြန်ဆုံး ကြီးထွားလာတဲ့ Brand ဖြစ်ပြီး ဒေါ်လာ ၂ ဘီလီယံအထိ တဟုန်ထိုး တိုးပွားခဲ့တယ်လို့ သိရပါတယ်။ အရင်နှစ်တွေကနဲ့ ယှဉ်ရင် အဆင့် ၃၇ ကနေ ၂၆ အထိ ရောက်ရှိလာခဲ့ပါတယ်။
ယေဘုယျ Brand တန်ဖိုးတွေကို တိုင်းတာတဲ့ နေရာမှာတော့ Brand Finance ဟာ မာကတ်တင်း ရင်းနှီးမြှုပ်နှံမှု၊ အကျွမ်းတဝင် ရှိမှု၊ သစ္စာရှိမှု၊ ဝန်ထမ်းတွေရဲ့ ကျေနပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နာမည် ဂုဏ်သတင်းလိုမျိုး အချက်တွေကို အခြေခံပြီး Brand တွေရဲ့ ခိုင်မာမှုကို တွက်ချက်ထားပါတယ်။
အဲ့ဒီ အချက်အလက်တွေအရ Ferrari ဟာ ကမ္ဘာ့အခိုင်မာဆုံး ဇိမ်ခံပစ္စည်းနဲ့ ပရီမီယမ် Brand အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Ferrari ဟာ SF90 Stradale နဲ့ Ferrari Roma တို့ အပါအဝင် ၂၀၁၉ ခုနှစ်မှာ မော်ဒယ် ၅ မျိုးကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီထုတ်ပစ္စည်းတွေကို ပရီမီယမ်အဖြစ် ပိုမိုအသွင်ပြောင်းနိုင်ဖို့ Giorgio Armani Group နဲ့လည်း ထုတ်လုပ်ရေးပိုင်းဆိုင်ရာ သဘောတူညီချက် တခုကို ရရှိထားပါတယ်။
Ref: cnalifestyle
You may also like these stories:
နည်းပညာကုမ္ပဏီတွေ ဦးဆောင်နေတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်များ
ကမ္ဘာ့တန်ဖိုး အရှိဆုံး မော်တော်ကား အမှတ်တံဆိပ် (၁၅) ခု