Trend

မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဘက်ကနေ ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်နေ

နှစ်စဉ် တရုတ်ဘက်ကနေ တိုက်ခတ်လာတဲ့ ဖုန်မှုန့်ပါ လေပြင်းတွေကြောင့် မြောက်ကိုရီးယားပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့ အစိုးရပိုင် မီဒီယာကနေ ကြေညာလိုက်ပါတယ်။ တိုက်ခတ်လာတဲ့ အဝါရောင်ဖုန်မှုန့်ပါ လေပြင်းတွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ပါလာနိုင်တာကြောင့် အိမ်ပြင်မထွက်ကြဖို့ ပြောဆိုခဲ့တာပါ။

“ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်လက် ပျံ့နှံ့နေတာကြောင့် တရုတ်နိုင်ငံဘက်က တိုက်ခတ်လာမယ့် Yellow dust (အဝါရောင်ဖုန်မှုန့်) ပါ လေပြင်းတွေကလည်း ပိုသတိထားစရာဖြစ်လာတယ်” လို့ အစိုးရ အလုပ်သမားပါတီ သတင်းစာ Rodong Sinmun မှာ ရေးသား ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားကနေ အကွာအဝေး ကီလိုမီတာ ၁,၉၀၀ လောက်ဝေးတဲ့ Gobi သဲကန္တာရကနေ တိုက်ခတ်လာမယ့် လေပြင်းတွေကြောင့် နိုင်ငံတွင်းကို ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာမှာကို စိုးရိမ်နေတာပါ။ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကပ်ပါလာနိုင်တဲ့ အမှုန်အမွှားလေးတွေကတဆင့် လေထဲမှာ နာရီအတော်ကြာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား သတင်းစာရဲ့ ဖော်ပြချက်မှာ ပြည်သူတွေဟာ အဝါရောင်ဖုန်မှုန့်ပါ လေပြင်းတိုက်ခတ်ချိန်ဖြစ်လို့ အပြင်ထွက် လှုပ်ရှားသွားလာတာတွေကို ရှောင်ကြဉ်ဖို့ ရေးသားထားပါတယ်။ အကယ်၍ အပြင်ထွက်ရမယ် ဆိုရင် ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှာခေါင်းစည်း Mask တပ်ကြဖို့ သတိပေးထားပါတယ်။

လက်ရှိအချိန်ထိ မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ မရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း တခြားကမ္ဘာ့နိုင်ငံတွေကတော့ ကူးစက်မှုတွေရှိနေပြီး တရားဝင် မထုတ်ပြန်တာသာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ မေးခွန်းတွေကို ပြုံယမ်းအစိုးရက ကူးစက်သူ မရှိသေးတဲ့အကြောင်း ဖြေကြားထားတာပါ။ ဒါ့အပြင် နိုင်ငံနယ်စပ်တွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန် အရေးယူထားပြီး ကူးစက်မှု မရှိအောင် ကာကွယ်ထားတယ်လို့ ဆိုပါတယ်။ လေ့လာသုံးသပ်သူတွေက သီးသန့်နေထိုင်တဲ့ တိုင်းပြည်အတွက် ဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင် နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဆုံးရှုံးမှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။

အစိုးရပိုင် KRT ရုပ်သံလိုင်းကလည်း အဝါရောင် ဖုန်မှုန့်တွေနဲ့အတူ ဗိုင်းရပ်စ်လို အန္တယ်ရှိ အရာဝတ္ထုတွေ ပါလာနိုင်တယ်လို့ ဆိုပါတယ်။ အပြင်က ပြန်လာတာနဲ့ တကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့နဲ့ အလုပ်သမားတွေလည်း ပြင်ပလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်တာ ရပ်နားထားဖို့ ပြောကြားခဲ့ပါတယ်။

Ref: Bangkok Post

You may also like these stories:

တရုတ်တွင် စစ်မှန်သော မဟာမိတ်မရှိဟု အမေရိကန် နိုင်ငံခြားရေး အကြံပေးက ပြော

ကိုဗစ်ကြောင့် နယ်စပ်ခိုးဝင်တွေကို မြောက်ကိုရီးယား ပစ်မိန့်ပေး

Loading