အိန္ဒိယနိုင်ငံ၊ မြို့တော် နယူးဒေလီရဲ့ လေထု အရည်အသွေးဟာ တိုင်းတာချက်တွေအရ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။ လေထု အရည်အသွေး လေ့လာစောင့်ကြည့်ရေးစခန်း ၁၀ ခုကနေ ပေးပို့ချက်အရ အဆင့် ၆ ဆင့်မှာ အဆိုးဆုံးအဆင့်ထဲ ရောက်နေတာပါ။
အစိုးရ အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ လေထု အရည်အသွေးဟာ နောက်ရက်တွေမှာ ဒီထက်ပိုပြီး ဆိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်က လေထုအရည်အသွေး တိုင်းတာချက်တွေအရ ညစ်ညမ်းမှုအမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ ဧပြီလတုန်းက နိုင်ငံတဝှမ်း Lockdown ချ ကန့်သတ်ခဲ့စဉ်မှာ လေထု အရည်အသွေး ပြန်ကောင်းလာခဲ့ပါသေးတယ်။
ဒေလီမြို့ခံတွေဟာ နှစ်ဆန်းပိုင်းတုန်းက အစိုးရ Lockdown ချခဲ့ချိန် ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာကြောင့် ကောင်းကင်မှာ ၁၀ နှစ်နီးပါးကြာ မတွေ့ခဲ့ရတဲ့ အပြာရောင် မိုးသားတွေ ပြန်တွေ့ခဲ့ရသလို လေကောင်းလေသန့် ရှူရှိုက်ခွင့်ရခဲ့ကြပါတယ်။
ဒေလီမြို့ဟာ ယာဉ်တွေနဲ့ စက်ရုံအလုပ်ရုံက ထုတ်တဲ့ဓာတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းတာအပြင် ဆောင်းရာသီမှာ ပန်ဂျပ်နဲ့ ဟာရာနာက လယ်သမားတွေ တောင်ယာ မီးရှို့ငွေ့တွေကြောင့်လည်း လေထုအရည်အသွေး အဆိုးဆုံးဖြစ်လေ့ ရှိပါတယ်။
လေထုညစ်ညမ်း ထိန်းချုပ်ရေးဗဟိုက ထုတ်ပြန်ချက်အရ မြို့တော်ဒေလီ အနီးနားက နေရာတဝိုက်မှာ အဆိုးဆုံးအဆင့်ထဲ ရောက်နေတာပါ။ လေထုအရည်အသွေး တိုင်းတာချက်အရ AQI ဝ-၅၀ ဆို အကောင်းဆုံး၊ ၅၁-၁၀၀ ဆို အခြေအနေကောင်း၊ ၁၀၁-၂၀၀ ဆို အလယ်အလတ် အဆင့်၊ ၂၀၁-၃၀၀ ဆို ဆိုးရွား၊ ၃၀၁-၄၀၀ ပိုမိုဆိုးရွား၊ ၄၀၁-၅၀၀ ဆို အဆိုးဆုံးအခြေအနေလို့ သတ်မှတ်ထားပါတယ်။
ပညာရှင်တွေကတော့ COVID-19 ကူးစက်ပျံ့နှံ့နေချိန် လေထု အရည်အသွေး ဆိုးရွားလာတာဟာ ဗိုင်းရပ်စ်ပိုးတွေကို လေထဲအချိန်ကြာမြင့်စွာ ပိုရှိနေစေတယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ လေထုညစ်ညမ်းမှု ကင်းစင်လေ COVID-19 ကူးစက်မှု လျော့နည်းလေဆိုတဲ့ အချက်ကို ကြည့်ပြီး ထောက်ပြနေကြတာပါ။
ဒုတိယတချက်အနေနဲ့ လေထုညစ်ညမ်းမှုကြောင့် လူတွေမှာ အဆုတ်လမ်းကြောင်း ရောင်ရမ်းတာမျိုးတွေ ဖြစ်လာခဲ့ရင် COVID-19 လို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ထပ်ဝင်ရောက်နိုင်ခြေပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အပြင်ထွက်မယ်ဆိုရင် အကာအကွယ် နှာခေါင်းစည်း Mask တပ်ကြဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးမှာ ရှိနေပြီး အောက်တိုဘာ ၂၄ ရက်က ကူးစက်ခံလူနာ ၇ ဒသမ ၈ သန်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၁၁၉,၇၀၂ ဦး ရှိသွားပါပြီ။
Ref: Kyodo News
You may also like these stories:
ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်
ကမ္ဘောဒီးယားမှာ ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး
ကနေဒါနိုင်ငံမှာ တခါသုံး ပလတ်စတစ် သုံးစွဲမှုကို တားမြစ်မည်