စင်ကာပူနိုင်ငံရဲ့ ချန်ဂီနိုင်ငံတကာလေဆိပ်က Singpapore Airline ပိုင် လေယာဉ်ပေါ်မှာ အစားအသောက်တွေကို လာရောက် မြည်းစမ်းနိုင်ပါပြီ။ COVID-19 ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ လေကြောင်းလိုင်းတွေအတွက် လူမှုဘဝ ပုံစံသစ်မှာ ဝင်ငွေရရှိအောင် ဧည့်သည်တွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်လာကြတာပါ။
လေဆိပ်မှာ ရပ်နားထားတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်ခရီးစဉ်တွေက ကျွေးတဲ့ အစားအသောက် မီနူးတွေအတိုင်း မြည်းစမ်းခွင့်ရခဲ့ကြတာပါ။ လေယာဉ်ကို မောင်းနေတာ မဟုတ်ပေမယ့် အထဲမှာ တကယ့်ခရီးစဉ်အတိုင်း ခံစားရမှာဖြစ်လို့ ခရီးမထွက်ရသူတွေ စိတ်ကျေနပ်မှု ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။
“Discovery Your Singpore Airlines” ရဲ့ တစိတ်အပိုင်းအဖြစ် ဧည့်သည်တွေကို ချန်ဂီလေဆိပ်က ရပ်နားထားတဲ့ လေယာဉ်ပေါ်မှာ စားသောက်နိုင်ခွင့်ကို လူဦးရေ အကန့်အသတ်နဲ့ ရောင်းချပေးသွားခဲ့တာပါ။ လေယာဉ်ပေါ်မှာလည်း လေယာဉ် အမှုထမ်းတွေကိုယ်တိုင် ဝန်ဆောင်မှု ပေးခဲ့သလို၊ လေယာဉ်ပေါ်က ဖျော်ဖြေရေး ကဏ္ဍတွေကိုလည်း ကြည့်ရှုခံစားခွင့် ရခဲ့ကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ခရီးသည်လေယာဉ်အမျိုးအစားဖြစ်တဲ့ A380 jumbojet ပေါ်မှာ သတ်မှတ်ထားတဲ့ Social distancing အရ ၅ ယောက်တဖွဲ့ သတ်မှတ်ပေးထားပြီး အရေအတွက် ထက်ဝက်လောက်ပဲ လက်ခံသွားတာပါ။ ဧည့်သည်တွေကတော့ ရွေးချယ်ဝယ်ယူခဲ့တဲ့ Class ပေါ်မူတည်ပြီး စာဖိုမှူး Shermay Lee ရဲ့ လက်ရာ စင်ကာပူအစားအစာနဲ့ နိုင်ငံတကာ အစားအသောက်တွေကို မြည်းစမ်းခွင့်ရခဲ့ကြပါတယ်။
အောက်တိုဘာ ၂၄ နဲ့ ၂၅ ရက်တွေမှာ Singpapore Airline(SIA) ကနေ စီစဉ်ဖန်တီးပေးထားတဲ့ လေယာဉ်ပေါ်က အစားအသောက်တွေကို ပထမဆုံး မြည်းစမ်းကြည့်ခွင့်နဲ့ လေယာဉ်ထဲကို ၁၅ မိနစ်ကြာ လည်ပတ်ခွင့် အစီအစဉ်ကို သဘောကျ နှစ်ခြိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက် ကြိုတင်ဘိုကင် လက်ခံတဲ့ရက် အချိန်တိုအတွင်းမှာပဲ သတ်မှတ်ခုံ အရေအတွက် ပြည့်သွားခဲ့တာပါ။
“COVID-19 ကာလအတွင်း လေကြောင်းခရီးစဉ်တွေ လျှော့ချလိုက်ရတဲ့အတွက် ကျနော်တို့ Airline နဲ့ လေယာဉ်စီး ခရီးသည်တွေ၊ SIA ဖောက်သည်တွေကို ချိတ်ဆက်ပေးနိုင်မယ့် အစီအစဉ်ကောင်းတွေ ဖန်တီးပေးဖြစ်တာပါ” လို့ SIA ရဲ့ CEO Goh Choon Phong က ပြောပါတယ်။
“ကျနော်တို့ လေကြောင်းလိုင်းကို အမြဲစီးနေကျ ဖောက်သည်တွေ၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်ရသူတွေနဲ့အတူတူ အကောင်းဆုံးအချိန်လေးကို ဖြတ်သန်းချင်သူတွေအတွက်ရော၊ ကျောင်းပိတ်ရက်မှာ ကလေးငယ်တွေကို ခေါ်လာချင်တဲ့ မိဘတွေအတွက်ပါ လေယာဉ်ပေါ်က အတွေ့အကြုံကောင်းတွေကို ခံစားရစေမှာပါ” လို့ CEO Goh Choon Phong က ဆိုပါတယ်။
စင်ကာပူလေကြောင်းလိုင်းဟာ COVID-19 ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်ပေါင်း ၄,၃၀၀ ကျော်ကို လျှော့ချခဲ့ရပါတယ်။ လေယာဉ်ခရီးစဉ်တွေ လျော့နည်းသွားတာကြောင့် တဖက်ကနေ ဝင်ငွေရရှိမယ့် အစီအစဉ်တွေ ဖန်တီးလုပ်ဆောင်လာပါတယ်။
Ref: South China Morning Post
You may also like these stories:
နယူးဒေလီမှာ လေထု အရည်အသွေး အဆိုးရွားဆုံးအဆင့် ရောက်နေ
ဂျပန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်မည်
ကိုဗစ်ကြောင့် ကမ္ဘာ့ထိပ်တန်းဇိမ်ခံ Brand များ ဒေါ်လာ ၃၅ ဘီလီယံ အထိနာမည်