ထိုင်ဝမ်စစ်တပ် စုပေါင်းမင်္ဂလာပွဲ အခမ်းအနားမှာ လိင်တူစုံတွဲတွေလည်း ပထမဆုံးအကြိမ် အတူပါဝင် ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ အာရှ LGBT အဖွဲ့အစည်းကြီးအတွက် မှတ်တိုင်တခုလည်း ဖြစ်လာခဲ့တာပါ။ ထိုင်ဝမ်ဟာ အာရှရဲ့ လိင်တူအခွင့်အရေး လှုပ်ရှားမှုတွေကို တရားဝင်ခွင့်ပြုပေးခဲ့တဲ့ ရှေ့ပြေးဒေသတခုပါ။ ၂၀၁၉ ခုနှစ်၊ မေလက လိင်တူလက်ထပ်ခွင့်တွေကို တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။
နိုင်ငံမြောက်ပိုင်း Taoyuan ကောင်တီရှိ စစ်အခြေစိုက်စခန်းက ကွင်းပြင်ထဲမှာ စုံတွဲ ၂၀၀ နီးပါး စစ်တပ်စုပေါင်း မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။ အဆိုပါ စုပေါင်းမင်္ဂလာပွဲ အခမ်းအနားမှာ လိင်တူအမျိုးသမီးစစ်သည် စုံတွဲ ၂ တွဲ လည်း ပါဝင်ခဲ့ပါတယ်။
“စစ်တပ်တွင်းက ခြေလှမ်းသစ်တရပ်ပါပဲ။ နောက်ထပ်လည်း လိင်တူစုံတွဲတွေ ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စစ်တပ်အသိုင်းအဝိုင်းမှာလည်း ပွင့်လင်းလာပါပြီ။ ကျမတို့ အားလုံးရဲ့ ချစ်ခြင်းမေတ္တာက အတူတူပါပဲ” လို့ အသက် ၂၇ နှစ်အရွယ် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ဗိုလ် Chen Ying Hsuan က ပြောပါတယ်။
“ကျမတို့ရဲ့ ချစ်ခြင်းတွေက တခြားစုံတွဲတွေနဲ့ ဘာမှ မကွာခြားပါဘူး။ နောက် စုပေါင်းမင်္ဂလာပွဲကျရင် လိင်တူစုံတွဲတွေ ပါဝင်လာနိုင်ဖို့ ကျမတို့က မျှော်လင့်ချက် ဖြစ်လာခဲ့ပါပြီ” လို့ အဖြူရောင်သတို့သမီးဝတ်စုံကို ဆင်မြန်းထားတဲ့ အသက် ၂၆ နှစ်အရွယ် Li Li Chan က ဆိုပါတယ်။
နောက်ထပ် စုံတွဲတတွဲဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ဗိုလ်မှူး Wang Yi နဲ့ ပါတနာ Yumi Meng တို့ စုံတွဲကတော့ Rainbow flag တွေ ဝှေ့ရမ်းပြီး မိသားစုတွေနဲ့ အတူတူ အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့ကြပါတယ်။ အသက် ၃၇ နှစ်အရွယ် Meng က သူမရဲ့အိမ်ထောင်ဖက်ဟာ စစ်သည်တဦးဖြစ်လို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
လိင်တူစုံတွဲ နှစ်တွဲရဲ့ ဓာတ်ပုံတွေကို မင်္ဂလာပွဲ မကျင်းပခင် အစောပိုင်းထဲက စစ်တပ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့စဉ်က ထိုင်ဝမ်လူမျိုးတွေအပြင် ပြင်ပနေရာတွေဆီကပါ မင်္ဂလာပွဲအတွက် ဆုတောင်းစကားတွေ ပေးပို့ခဲ့ကြပါတယ်။ မနှစ်ထဲက ရေတပ်နဲ့ ကြည်းတပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လိင်တူစုံတွဲ ၃ တွဲက စုပေါင်း မင်္ဂလာပွဲမှာ ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို မလိုချင်တာကြောင့် နုတ်ထွက်သွားခဲ့ကြတာပါ။
၂၀၁၉ ခုနှစ်မှာပဲ ထိုင်ဝမ်ဟာ သမိုင်းဝင်မှတ်တမ်းအဖြစ် အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုကြောင်း ကြေညာခဲ့စဉ်မှာ လိင်တူစုံတွဲအများအပြား မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။ အဆိုပါ ဥပဒေစတင်အသက်ဝင်ချိန်ကစလို့ လက်ရှိအချိန်ထိ လိင်တူစုံတွဲပေါင်း ၄,၀၀၀ ကျော် လက်ထပ်ခဲ့ကြပြီးပြီလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း ရှေးရိုးစွဲဘာသာရေးအဖွဲ့အစည်းတွေနဲ့ အသက်ရွယ်ကြီးရင့်သူတွေကတော့ အဆိုပါကိစ္စကို ခုချိန်ထိ လက်မခံနိုင်ဘဲ အငြင်းပွားနေဆဲပါ။ ထိုင်ဝမ်ကျွန်းမှာ နှစ်စဉ်ပြုလုပ်နေကျ Gay Pride ချီတက်ပွဲကို အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အကျဉ်းချုံးပဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ သမ္မတ Tsai Ing Wen ကို ချီတက်ပွဲနဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောဆိုမှုတွေ ရှိနေပေမယ့် သမ္မတကတော့ ပြည်သူတွေ ပါဝင်ကြဖို့ သူ့ရဲ့ Facebook စာမျက်နှာကတဆင့် တိုက်တွန်းထားပါတယ်။
Ref: Bangkok Post