ဗြိတိန်မင်းသား ဝီလီယံ ဧပြီလက ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်
ထီးနန်းဆက်ခံခွင့် ဒုတိယနေရာမှာရှိနေတဲ့ ဗြိတိန်တော်ဝင်မင်းသား ဝီလီယံဟာ ဧပြီလက COVID-19 ကူးစက်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မတ်လကုန်မှာ ဖခင်ဖြစ်သူ အိမ်ရှေ့မင်းသား ချားလ်စ် ကူးစက်ခဲ့ပြီးနောက် ဧပြီလမှာ မင်းသား ဝီလီယံ ကိုပါ ကူးစက်ခဲ့တာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းနေကြတာပါ။
အဆိုပါ ထွက်ပေါ်နေတဲ့ သတင်းကို Kensington နန်းတော် တာဝန်ရှိသူတွေဘက်က အတည်ပြုခြင်း မရှိသလို၊ ငြင်းဆိုတာမျိုးလည်း မလုပ်ထားပါဘူး။ The Sun သတင်းစာမှာ အသက် ၃၈ နှစ်အရွယ် ကမ်းဘရစ်ချ်မြို့စား မင်းသား ဝီလီယံဟာ ဖခင်ဖြစ်သူ အိမ်ရှေ့မင်းသား ချားလ်စ် ကူးစက်ခဲ့အပြီးမှာ COVID-19 ကူးစက်ခံရတာလို့ ဖော်ပြထားပါတယ်။
ပြည်သူတွေကို အထိတ်တလန့် မဖြစ်စေချင်တာကြောင့် သူဟာ တိတ်တဆိတ် ကုသခဲ့တာ ဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ BBC သတင်းဌာနမှာလည်း နန်းတော်က သတင်း အရင်းအမြစ်ပေါ် မူတည်ပြီး ဖော်ပြခဲ့ပါတယ်။
မင်းသား ဝီလီယံရဲ့ Kensington နန်းတော် တာဝန်ရှိသူတွေကတော့ သတင်းမီဒီယာတွေမှာ ဖော်ပြချက်နဲ့ ပတ်သက်ပြီး အတည်ပြုပေးခြင်း မရှိသလို၊ ငြင်းဆိုတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ “အရေးကြီးတဲ့ ကိစ္စမျိုးတွေ ရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှ မစိုးရိမ်စေချင်ဘူး” လို့ မင်းသားက ဧည့်သည်တယောက်ကို ပြောပြခဲ့တယ်ဆိုတဲ့ သတင်းတွေကနေ ထွက်ပေါ်လာတာပါ။
နန်းတော်က သမားတော်တွေ မင်းသားကို အင်္ဂလန်အရှေ့ပိုင်း Norfolk မှာရှိတဲ့ အိမ်တော်မှာ တယောက်တည်း သီးခြားနေထိုင်စေပြီး ကုသပေးခဲ့ချိန်မှာ တယ်လီဖုန်း ပြောဆိုမှုတွေနဲ့ Video call တွေ ရှိတယ်လို့ The Sun မှာ ရေးသားထားပါတယ်။
The Sun ရဲ့ ရေးသားချက်ထဲမှာ အမည်မဖော်လိုသူ သတင်းပေးချက်အရ မင်းသား ဝီလီယံ COVID-19 ကူးစက်ခံရတုန်းက အသက်ရှုရ ခက်ခဲနေချိန်မှာ ဘေးနားကသူတွေလည်း အထိတ်တလန့် စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူ အိမ်ရှေ့မင်းသား ချားလ်စ်ကတော့ COVID-19 ကူးစက်ခံရကြောင်း မတ်လ ၂၅ ရက်မှာ ကြေညာခဲ့ပြီး ရောဂါလက္ခဏာ ပြင်းထန်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အိမ်ရှေ့မင်းသား ချားလ်စ် ကူးစက်ခံရပြီး ၂ ရက်အကြာမှာပဲ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်လည်း COVID-19 ကူးစက်ခံခဲ့ရပါတယ်။ ဧပြီ ၁၇ ရက်က မင်းသား ဝီလီယံက အသက်ရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အဖေနဲ့ အဘိုးအဘွားတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အသက် ၉၄ နှစ်အရွယ် ဘုရင်မကြီး အဲလိဇဘက်နဲ့ ခင်ပွန်းသည် အသက် ၉၉ နှစ်အရွယ် အီဒင်ဘတ်မြို့စားတို့ နှစ်ဦးလုံးဟာ အသက်အရွယ်ကြောင့် လန်ဒန်အနောက်ပိုင်းက Windsor Castle မှာ သီးခြားနေထိုင်နေတယ်လို့ ဆိုပါတယ်။
Ref: AFP
You may also like these stories:
ဗြိတိန်မှာ ကိုဗစ်ကူးစက်သူ ၁ သန်းကျော်သွားတာကြောင့် တနိုင်ငံလုံး Lockdown ချ
ကူးစက်မှု မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ စည်းမျဉ်းတွေ တင်းကျပ်စွာ ထုတ်ပြန်
ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို