ထိုင်ဝမ်မှာ ပုံမှန်တွေ့နေကျ ဆိုင်တွေနဲ့ မတူဘဲ မူရင်းပုံစံ မပျက် မှီငြမ်းယူထားတဲ့ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားတဲ့ စားသောက်ဆိုင်များ စာရင်းမှာပါ ဖော်ပြခြင်းခံရတဲ့ ထိုင်ဝမ်နိုင်ငံက တမူထူးခြားတဲ့ ဆိုင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Carton King Creative Park
ပထမဆုံးဆိုင်လေးကတော့ ထူးထူးခြားခြား တဆိုင်လုံးကို ကတ်ထူစက္ကူတွေနဲ့ အလှဆင်ထားတာပါ။ စားပွဲ၊ ထိုင်ခုံကအစ တန်ဆာဆင်ထားတဲ့ တိရစ္ဆာန်ပုံတွေ၊ ကမ္ဘာပေါ်က အထင်ကရနေရာတွေ အားလုံးကို ကတ်ထူသားတွေသုံးပြီး ပြုလုပ်ထားတာပါ။
ထိုင်ဝမ်နိုင်ငံ အနောက်ပိုင်း၊ စက်မှုမြို့တော် Taichung မှာရှိတဲ့ ဒီဆိုင်လေးမှာ မှာယူထားတဲ့ အစားအစာတွေက အစ ကတ်ထူစက္ကူနဲ့ လုပ်ထားတဲ့ ပန်းကန်လုံး၊ ပန်ကန်ပြားတွေနဲ့ တည်ခင်းမှာဖြစ်ပါတယ်။ စားသောက်ပြီးရင်လည်း ဆိုင်အပြင်ဘက်က ပန်းခြံလေးထဲမှာ Eiffel Tower, Pisa Tower, Big Ben တို့လို ကမ္ဘာကျော်အထင်ကရ နေရာတွေအပြင် ကတ်ထူ တိရစ္ဆာန်ပုံလေးတွေနဲ့လည်း မှတ်တမ်းတင်နိုင်ပါတယ်။
(၂) Modern Toilet Restaurant
နောက်တဆိုင်ကတော့ အတော်လေး ထူးခြားပါတယ်။ Datong မှာရှိတဲ့ ၃ ထပ် အဆောက်အုံ စားသောက်ဆိုင်ဖြစ်ပြီး တဆိုင်လုံးကို ရေချိုးခန်း၊ အိမ်သာပုံစံ ပြင်ဆင်ထားတာပါ။ ထိုင်ခုံတွေကအစ အိမ်သာကြွေကမုတ် ပုံစံတွေ၊ စားပွဲကတော့ လက်ဆေးကန် ပုံစံတွေကို အသုံးပြုထားတာပါ။
အစားအသောက်တွေကို ထည့်ပေးမယ့်ခွက်တွေကအစ အိမ်သာပုံစံ၊ ရေချိုးကန်ပုံစံတွေနဲ့ ဖန်တီးပေးထားပါတယ်။ ဂျပန်ကာတွန်းဇာတ်ကောင် Dr.Slump ကို သဘောကျခဲ့ရာက အခုလို အိုင်ဒီယာမျိုးရခဲ့တာလို့ ဆိုင်ပိုင်ရှင် Dao Ming Zi က ပြောပါတယ်။
ပြင်ဆင်ပုံတွေကြောင့် ပုံမှန် လာစားမယ့် ဖောက်သည်တွေ ရှိပါ့မလား စိုးရိမ်စရာ ရှိပေမယ့် လက်တွေ့မှာတော့ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံမှာပါ ဆိုင်ခွဲတွေ ဖွင့်ထားနိုင်ပါပြီ။ နောက်ထပ်လည်း မလေးရှား၊ တရုတ်နဲ့ မကာအိုမှာပါ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိပါတယ်။
(၃) Hello Kitty Shabu-Shabu
မိုးအေးအေးနဲ့ ဟော့ပေါ့စားချင်တဲ့ Hello Kitty ခရေဇီတွေအတွက်တော့ အဆင်ပြေမယ့် နေရာလေးပါ။ တဆိုင်လုံးကို Hello Kitty Theme တွေ ပါအောင် ပြင်ဆင်ပေးထားသလို အစားသောက်တွေကအစ Hello Kitty တွေနဲ့ ပုံဖော်ထားတာပါ။ ထိုင်ခုံနဲ့ ဘေးနံရံဒီဇိုင်းတွေကိုပါ Hello Kitty ချစ်သူတွေ သဘောကျ ကျေနပ်စေမှာပါ။
အစားသောက်တွေနဲ့ ပေးရတဲ့ဈေးနဲ့ တန်တဲ့ အစားသောက်ကောင်းတွေ ရှိလို့ စိတ်ကျေနပ်တဲ့အပြင် Hello Kitty ချစ်သူတိုင်း သွားရောက်သင့်တဲ့ဆိုင်အဖြစ် ဖောက်သည်တွေဆီကနေ ထောက်ခံချက်တွေ ရထားပါသေးတယ်။
(၄) Alice is Coming
Instagram အသုံးပြုသူတွေကြား နာမည်ကြီးနေတဲ့ ဒီဆိုင်လေးကတော့ “Alice in Wonderland” ရုပ်ရှင်ထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားမိစေမယ့် Zhongzheng ခရိုင်မှာရှိတဲ့ ကော်ဖီဆိုင်လေးပါ။ တဆိုင်လုံးကို “Alice in Wonderland” ထဲက ပုံစံတွေအတိုင်း ပြင်ဆင်ထားတဲ့အပြင် ဆိုင်ဝန်ထမ်းတွေကအစ Alice လို ဝတ်ဆင်ထားကြပါတယ်။
စားပွဲခုံတွေကို အဖြူအမည်း ကျားကွက်ပုံစံ စားပွဲခင်း ခင်းထားပြီး၊ အစားသောက်တွေကိုလည်း “Alice in Wonderland” ထဲအတိုင်း ရေနွေးအိုးလေးတွေအဆုံး အသေးစိတ် ဖန်တီးထားတာပါ။ ရုပ်ရှင်ထဲမှာပါတဲ့ ပန်းကန်လုံးပုံစံ စားပွဲခုံတွေ၊ အချိုပွဲပုံစံတွေကိုလည်း တထပ်တည်း ထပ်တူကျအောင် ပြင်ဆင်ပေးထားပါတယ်။
Ref: Paymaya
You may also like these stories:
ဗြိတိန်မင်းသား ဝီလီယံ ဧပြီလက ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်]
တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်
ထိုင်ဝမ်စစ်တပ် စုပေါင်းမင်္ဂလာပွဲမှာ လိင်တူစုံတွဲ ပထမဆုံးအကြိမ် ဆင်နွှဲ