အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ အရှုံးရလဒ်ကို ဒေါ်နယ် ထရမ့် လက်မခံနိုင်သေးပေမယ့် သမီးနဲ့ ဇနီးသည် အပါအဝင် မိသားစုဝင်တချို့ကတော့ ခေါင်းမာနေတာတွေကို လျှော့သင့်တယ်လို့ ဆိုပါတယ်။
သတင်းမီဒီယာတွေမှာ ဖော်ပြချက်အရ ထရမ့်ရဲ့ သမက်ဖြစ်သူ Jared Kushner နဲ့ ဇနီးသည် Melania Trump တို့ကတော့ အရှုံးရလဒ်ကို လက်ခံစေချင်နေပါတယ်။ Kushner ကိုယ်တိုင် အိမ်ဖြူတော်ကိုသွားပြီး ဒေါ်နယ်ထရမ့်ကို နှစ်သိမ့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
လက်ရှိမှာ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ဘာတခုမှ မကြားချင်နေတဲ့အခြေအနေပါ။ သတင်းတွေအရ သမီးဖြစ်သူ Ivanka Trump လည်း ဖခင်က လက်မခံနိုင်ဘဲ ခေါင်းမာနေတာကို စိတ်ပျက်နေချိန်မှာ သူ့အစ်ကိုတွေကတော့ ဖခင်ဘက်က အပြည့်အဝ ထောက်ခံပေးနေပါတယ်။
ထရမ့်ရဲ့ သားဖြစ်သူ Donald Jr နဲ့ Eric တို့က ထောက်ခံအားပေးသူတွေ မဲရလဒ်ကို လက်မခံကြဘဲ တွန်းအားပေးဖို့ တိုက်တွန်းနေပါတယ်။ ထရမ့် မိသားစုဝင်တွေထဲမှာကို ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပတ်သက်ပြီး လက်မခံတဲ့ အဖွဲ့နဲ့ လက်ခံထားတဲ့ အဖွဲ့ဆိုပြီး ၂ ဖွဲ့ ကွဲနေတာပါ။
ထရမ့်ရဲ့ သမက်လည်းဖြစ်၊ စီနီယာအကြံပေးလည်း ဖြစ်တဲ့ Jared Kushner က ရွေးကောက်ပွဲ မဲရလဒ်နဲ့ ပတ်သက်ပြီး ထရမ့်နဲ့ စကားပြောခဲ့ပါတယ်။ လက်ရှိ မဲရလဒ် ပြဿနာကို ကြီးထွားအောင် မလုပ်ဘဲ လက်ခံလိုက်ဖို့ ဆွေးနွေးပေးခဲ့ပေမယ့် ထရမ့်ဘက်က နားမထောင်ဘဲ လျစ်လျူရှုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
သမက်ဖြစ်သူသာမက ဇနီးသည် Melania Trump ကိုယ်တိုင်လည်း ခင်ပွန်းသည်ကို လက်ခံဖို့ နှစ်သိမ့်ခဲ့ပေမယ့် လက်ရှိမှာ ထရမ့်က အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းမာနေဆဲပါ။ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲ အစမှာကတည်းက မဲလိမ်တယ်လို့ စွပ်စွဲနေပြီး၊ ရှင်းရှင်းလင်းလင်း သိရဖို့ တရားဥပဒေအရ အကူညီယူသွားမယ်လို့ ပြောဆိုနေခဲ့ပါတယ်။
ထရမ့်ရဲ့ သားတွေကလည်း ဖခင်ဖြစ်သူ သဘောထားနဲ့ တထပ်တည်းရှိနေတာကြောင့် လက်ခံဖို့ နှစ်သိမ့်ပေးတာတွေကို နားမဝင်ဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ထရမ့် ကမ်ပိန်းကလည်း ဥပဒေကြောင်းအရ ပြိုင်ဆိုင်ဖို့ ရန်ပုံငွေ စတင် ကောက်ခံနေပါပြီ။
Twitter မှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်ရေးသားတဲ့ Tweet တွေကို သတိပေး အကြောင်းကြား အရေးယူတာမျိုးတွေ ရှိနေပါတယ်။ ဆိုရှယ်မီဒီယာ Facebook ပေါ်လစီနဲ့ မကိုက်ညီတာကြောင့် ထရမ့်ရဲ့ ရေးသားချက်တွေကို ဖြုတ်ချလိုက်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။
Ref: DNA India
You may also like these stories:
နာဆာ အာကာသတွင်း သန့်စင်ခန်းပုံစံ ပြိုင်ပွဲမှာ မလေးရှား ကလေးငယ် ပထမဆုရ
ဗြိတိန်မင်းသား ဝီလီယံ ဧပြီလက ကိုဗစ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်
ထိုင်ဝမ်နိုင်ငံက ထူးထူးခြားခြား စားသောက်ဆိုင်များ