စက်ဘီး၊ ရေကူး၊ အပြေး ၃ မျိုးပြိုင်ပွဲမှာ Down ရောဂါရှင်တဦးက ပထမဆုံးအကြိမ် ပြီးမြောက်အောင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အခက်အခဲဆုံး ပြိုင်ပွဲတခုဖြစ်တဲ့ Ironman Triathlon ပွဲမှာ Special Olympics ကစားသမား Chris Nikic က ပန်းဝင်တဲ့ထိ ယှဉ်ပြိုင်နိုင်ခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ် Nikic ဟာ ၂ ဒသမ ၄ မိုင် ရေကူး၊ ၁၁၂ မိုင် စက်ဘီးစီး၊ ၂၆ ဒသမ၂ မိုင် မာရသွန်ပြိုင်ပွဲအားလုံးကို အောင်မြင်ပြီးဆုံးတဲ့ထိ ဖြတ်ကျော်နိုင်ခဲ့လို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပနားမားစီးတီး ကမ်းခြေမှာ နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Ironman Florida ပြိုင်ပွဲဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
သာမန်လူတွေတောင် ယှဉ်ပြိုင်ရခက်ခဲတဲ့ပြိုင်ပွဲကို Down ရောဂါရှင် Chris Nikic က ၁၆ နာရီ ၄၆ မိနစ် ၉ စက္ကန့်နဲ့ ပွဲအားလုံးကို အောင်မြင်အောင် ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပထမဆုံးသူ ဖြစ်လာခဲ့ပါတယ်။ “Ironman အတွက် ရည်မှန်းထားခဲ့တာ အောင်မြင်တယ်။ ၂၀၂၁ မှာ နောက်ထပ် ရည်မှန်းချက်ကြီးတွေ လုပ်ဖို့ရှိတယ်” လို့ Nikic က Instagram မှာ ရေးသားခဲ့ပါတယ်။
ပြိုင်ပွဲကျင်းပတဲ့ Ironman Triathlon အဖွဲ့ကြီးကလည်း ပြိုင်ပွဲသမိုင်းမှာ Nikic ရဲ့ အောင်မြင်မှုက အဓိပ္ပာယ် အရှိဆုံး အခိုက်တန့်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဖွဲ့ ကြီးက ဆိုရှယ်မီဒီယာပေါ်မှာ သမိုင်းဝင်ဖြစ်လာမယ့် Nikic ရဲ့ နောက်ဆုံး ၂ မိုင် ယှဉ်ပြိုင်နေမှုကို တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့ပါသေးတယ်။
၁ ရာခိုင်နှုန်းအောင်မြင်နိုင်ချေရှိတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုကိုထားပြီး Nikic နဲ့ သူ့ဖခင် Nik တို့ လေ့ကျင့်ခဲ့ကြတာပါ။ နောက်ထပ်လည်း တနေ့ပြီး တနေ့ ၁ ရာခိုင်နှုန်း အောင်မြင်မှုတွေကို ရယူပြီး Down ရောဂါလက္ခဏာကို လူ့အဖွဲ့အစည်းက အာရုံစိုက်လာအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
“Chris အတွက်တော့ ဒီပြိုင်ပွဲက အောင်မြင်ပြီး ဂုဏ်ပြုခံရတာထက် ပိုပါတယ်။ Ironman က သူ့ဘဝရည်မှန်းချက်တွေကို တဆင့်တက်သွားအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်” လို့ ဖခင် Nik Nikic က ပြောပြသွားပါတယ်။ ပြိုင်ပွဲပြီးဆုံးတဲ့ထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ Nikic ကို တင်းနစ်ကစားသမား Billie Jean King ၊ အပြေးသမား Kara Goucher အပြင် Nikic ရဲ့ ဆိုရှယ်မီဒီယာကို follow လာလုပ်ကြတဲ့ follower အသစ် ၃၃,၀၀၀ အပါအဝင် ကမ္ဘာအနှံ့ကသူတွေလည်း ဂုဏ်ပြုပေးခဲ့ကြပါတယ်။
မှတ်တမ်းတင်နိုင်ခဲ့တဲ့ ပြိုင်ပွဲအပြီးမှာတော့ Nikic ဟာ အမေရိကန်မှာကျင်းပမယ့် ၂၀၂၂ ခုနှစ် Special Olympics ပြိုင်ပွဲကို အာရုံစိုက်နေတဲ့အပြင် ဒီပြိုင်ပွဲမှာ Down ရောဂါရှင်၊ မိဘမဲ့ Down ရောဂါရှင်တွေအတွက် အလှူငွေရအောင် ဆက်လက် လုပ်ဆောင်ပေးနေပါတယ်။
“ကျနော့် ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဆိုတော့ ကျနော့်လို ဘဝတူတွေကို ကူညီပေးချင်တယ်” လို့ Nikic က သူ့ရဲ့ Instagram မှာ ရေးထားပါတယ်။
Ref: edition.cnn
You may also like these stories:
ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ပေါ် ပျံသန်းပြခဲ့သူ မတော်တဆမှုကြောင့် သေဆုံး
နာဆာ အာကာသတွင်း သန့်စင်ခန်းပုံစံ ပြိုင်ပွဲမှာ မလေးရှား ကလေးငယ် ပထမဆုရ