ဟောင်ကောင်ရှိ ကိတ်မုန့်ဆိုင်တဆိုင်ဟာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် လုပ်ငန်းရပ်သွားမလို ဖြစ်ရာကနေ ပုံစံတူ ကိတ်မုန့်တွေ လုပ်ရင်း ပြန်လည်ပတ်နိုင်ခဲ့ပါတယ်။ “Dear Harley Cake Studio” နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေးမှာ သင်နှစ်သက်တဲ့ အရာတွေကို ပုံစံတူ ကိတ်မုန့် လုပ်ခိုင်းလို့ ရပါတယ်။
ကိတ်မုန့်ဆိုင်ပိုင်ရှင် Alison Chan နဲ့ Cony Lam တို့နှစ်ယောက် ကပ်ရောဂါကာလအတွင်းမှာ ဆိုင်ကို လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ဖို့ အိုင်ဒီယာ ရခဲ့တာကတော့ ငှက်ပျောသီးကြိုက်တဲ့ Chan ရဲ့ တူလေးအတွက် Dark chocolate နဲ့ Butter cream အသုံးပြုပြီး ပုံစံတူ လုပ်ပေးရာက စခဲ့တာပါ။
သူတို့နှစ်ယောက် တီထွင်ဖန်တီးလိုက်တဲ့ ပုံစံတူ ကိတ်မုန့်တွေကို ဆိုရှယ်မီဒီယာပေါ် တင်ရာကနေ လူသိများလာခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကိတ်မုန့်လုပ်ငန်းကို တိုးချဲ့ပြီး အထူးအော်ဒါတွေ လက်ခံပေးနေရတဲ့အပြင်၊ သူတို့လိုပဲ ပုံစံတူကိတ်မုန့် ဖုတ်ရတာ ဝါသနာပါသူတွေကိုလည်း ပညာတွေ ပြန်မျှဝေပေးနေပါတယ်။
“တဖြည်းဖြည်း စမ်းလုပ်ကြည့်ခဲ့ရာက အခုတော့ ဘယ်ပစ္စည်းမဆို ပုံစံတူ မလုပ်ပေးနိုင်တာ မရှိသလောက်ကို ဖြစ်လာပါပြီ” လို့ Chan က ဆိုပါတယ်။ Slipper ဖိနပ်ပါး ပုံစံတူကအစ Sea-urchin အပြင် ပန်းကန်ဆေး ရေမြှုပ်တွေအထိပါ ပြုလုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီလို ပုံစံတူ ကိတ်မုန့်တွေ လုပ်ရင်း ကျမတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ကယ်တင်နိုင်ခဲ့တာပါ” လို့ Chan က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်ခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေမှာ တပတ်ကို ကိတ်မုန့် ၃ ၊ ၄ လုံး သာ အော်ဒါရခဲ့ပေမယ့် အခုလို ပုံစံတူကိတ်မုန့်တွေ ပြောင်းလုပ်ကိုင်လာပြီးနောက်မှာ သူတို့ရဲ့ Cake Studio ကနေ တပတ်ကို ကိတ်မုန့်အော်ဒါ အလုံး ၂၀ လောက်ရလာတယ်လို့ ဆိုပါတယ်။
ပုံစံတူကိတ်မုန့်တလုံးအတွက် လုပ်ရမယ့် ပုံစံပေါ် မူတည်ပြီး အနည်းဆုံး ဟောင်ကောင်ဒေါ်လာ ၁,၅၀၀ (အမေရိကန်ဒေါ်လာ ၁၉၄) ကျသင့်ပါတယ်။ တချို့ကိတ်မုန့်တွေဆိုရင် ဟောင်ကောင်ဒေါ်လာ ၁၂,၀၀၀ နဲ့ ၁၃,၀၀၀ ကြား ထိရှိပါတယ်။
“ကျမတို့ လုပ်ငန်းလေး ဒီလိုအဆင့်ထိ ရောက်လာနိုင်တာ တကယ့်ကို အံ့သြတုန်လှုပ်မိပါတယ်။ ဒီအခြေအနေမျိုးကို လုံးဝ မမှန်းထားတာပါ။ ကျမတို့ ကိုယ်ဝါသနာပါရာ ကိတ်မုန့်ဖုတ်ကြတယ်၊ ပုံစံတူ တွေ ပြင်ဆင်ပေးတယ်။ အားလုံးပျော်ရအောင် လုပ်ပေးတာပါ” လို့ Chan က ဆိုပါတယ်။
Chan တို့နှစ်ယောက် ဖွင့်လှစ်ထားတဲ့ ကိတ်မုန့်သင်တန်းမှာလည်း မိသားစု၊ ချစ်ခင်ရသူတွေအတွက် ကိတ်မုန့် လုပ်ပေးချင်တဲ့ စိတ်နဲ့ လာရောက်သင်ကြားနေတဲ့ သင်တန်းသားတွေလည်း များလာတယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
အနံ့အရသာ ထိမိမယ့် တုံယမ်းထမင်းကြော်
နယူးဒေလီမှာ ဖွင့်လှစ်လိုက်တဲ့ “CoCo Ichibanya” ဂျပန်ဟင်းအနှစ်ဆိုင်