စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်ထဲမှာ တညတာ အနားယူနိုင်မယ့် အစီအစဉ်ကို လေဆိပ် Facebook စာမျက်နှာကတဆင့် ကြော်ငြာလိုက်ပါတယ်။
ဒီအစီအစဉ်သစ်ကြောင့် မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ လေဆိပ်ကြီးထဲမှာ တညတာ ဇိမ်ကျကျ Tent ထိုးပြီး အနားယူနိုင်ပါတော့မယ်။ ဟိုတယ်တွေ သွားပြီး Staycation နေရတာ ရိုးသွားပြီဆိုရင် တညတာကို Tent လေးထဲမှာ ကုန်ဆုံးမယ့် အတွေ့ အကြုံကို ရယူလိုက်ပါ။
ပုံမှန်သွားနေကျ Camp site တွေနဲ့မတူ Luxury ဆန်ဆန် Tent လေးနဲ့ အနားယူမယ်ဆိုရင် ချန်ဂီလေဆိပ်ထဲက Forest Valley နဲ့ Cloud9 Piazza ၂ နေရာထဲက ကြိုက်နှစ်သက်ရာရွေးပြီး အနားယူနိုင်ပါပြီ။ သင်ရွေးချယ်လိုက်မယ့် နေရာပေါ် မူတည်ပြီး အိပ်ရာအမျိုးအစား၊ Check-In Check-Out အချိန်တွေ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။
Level 5 က Cloud9 ကို ရွေးချယ်ထားတဲ့သူဆိုရင် Check-In ညနေ ၇ နာရီကနေ Check-Out မနက် ၁၀ နာရီထိ သတ်မှတ်ပေးထားပြီး Tent လေးထဲမှာလည်း Queen size အိပ်ရာ အပါအဝင် လူ ၄ ယောက် တည်းခိုနိုင်တဲ့ထိ ပြင်ဆင်ပေးထားပါတယ်။ ဈေးနှုန်းတွေကတော့ ပိတ်ရက်နဲ့ ရုံးပိတ်ရက်ဆို စင်ကာပူဒေါ်လာ ၃၆၀ ရှိပြီး ကြားရက်ဆိုရင်တော့ စင်ကာပူဒေါ်လာ ၃၂၀ ကျသင့်မှာပါ။
Cloud9 နေရာမှာ နောက်ထပ် ထူးခြားတဲ့ အစီအစဉ်ကတော့ ညအိပ် မတည်းချင်တဲ့ ဧည့်သည်တွေကို အချိန်ပိုင်း ပျော်ပွဲစားထွက်လို့ရအောင် စီစဉ်ပေးထားပါတယ်။ မနက် ၁၁ နာရီ ၁၅ ကနေ နေ့လယ် ၂ နာရီ ၁၅ ထိ တချိန်၊ နေ့လယ် ၃ နာရီကနေ ညနေ ၆ နာရီထိ တကြိမ် Tent တခုမှာ လူ ၅ ယောက်စာ ပြင်ဆင်ပေးမှာပါ။
အစားအသောက်နဲ့ အရည်ကိုတော့ ကိုယ်ပိုင်ယူလာရမှာဖြစ်ပြီး ပန်းကန်ခွက်ယောက်တွေကိုတော့ ပြင်ဆင်ပေးထားမှာပါ။ ဈေးနှုန်းကတော့ အချိန်ပိုင်း ၃ နာရီအတွက် ပိတ်ရက်ဆို စင်ကာပူဒေါ်လာ ၁၈၀ ရှိပြီး ကြားရက်ဆိုရင်တော့ စင်ကာပူ ဒေါ်လာ ၁၆၀ ကျသင့်မှာပါ။
“Forest Valley” မှာတော့ Check-In ကို နေ့လယ် ၁၂ နာရီနောက်ပိုင်းကတည်းက လက်ခံပြီး နောက်တနေ့မနက် ၉ နာရီ မတိုင်ခင်မှာ Check-Out လုပ်ပေးရမှာ ဖြစ်ပါတယ်။ Tent တခုချင်းစီမှာ လူကြီး ၂ ယောက် (သို့) ၄ ယောက်နဲ့ ၁၂ နှစ်အောက် ကလေး ၃ ယောက်ထိ တည်းခိုနိုင်ပါတယ်။
ဈေးနှုန်းတွေကတော့ ပိတ်ရက်နဲ့ ရုံးပိတ်ရက်ဆို စင်ကာပူဒေါ်လာ ၃၆၀ ရှိပြီး ကြားရက်ဆိုရင်တော့ စင်ကာပူဒေါ်လာ ၃၂၀ ကျသင့်မှာပါ။
အစီအစဉ်သစ် ၃ ခုအတွက် နိုဝင်ဘာ ၂၀ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်ထိ ကြိုတင်ဘိုကင်တင်နိုင်မှာ ဖြစ်ပါတယ်။ စဖွင့်ဖွင့်ချင်း အထူးအစီအစဉ်အဖြစ် နိုဝင်ဘာ ၂၃ ကနေ ၂၆ ထိကို တညတာတည်းခိုနှုန်းထား စင်ကာပူဒေါ်လာ၂၈၈ နဲ့ အထူးနှုန်းပေးသွားမယ်လို့ ကြေညာထားပါတယ်။
Ref: CNA