ထိုင်းနိုင်ငံအလယ်ပိုင်းက Lop Buri ရှိ တနေရာမှာ ဗြိတိသျှ ဂီတပညာရှင် Paul Barton စန္ဒရား တီးခတ်နေတဲ့ ပတ်ပတ်လည်မှာ ကိုယ်ပေါ်နဲ့ စန္ဒရားခုံပေါ် တက်ပြီး သီချင်းသံ နားထောင်နေသူတစုကို မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကို ထူးခြားနေမှာပါ။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ခရီးသွားဝင်ရောက်မှု နည်းနေချိန် စောင့်ရှောက်ဖို့ စရိတ် နည်းပါးလာတာကြောင့် အစာဝဝလင်လင် မစားရဘဲ ဆာလောင်နေတဲ့ မျောက်အုပ်စုတွေအတွက် ဂီတပညာရှင် Barton ရဲ့ ဖျော်ဖြေသံတွေက စိတ်ငြိမ်အောင် ဆွဲဆောင်နိုင်ပါတယ်။
“ကျနော်တို့တွေ ဒီကမျောက်တွေ ပုံမှန်အတိုင်း စားသောက်နေနိုင်အောင် ကြိုးစားပေးရပါမယ်။ တကယ်လို့ သူတို့အရင်အတိုင်း စားသောက်နိုင်လာပြီဆိုရင် ရန်မလိုတော့ဘဲနဲ့ ငြိမ်သွားကြမှာပါ” ထိုင်းနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်လာသူ အသက် ၅၉ နှစ်အရွယ် Barton က ဆိုပါတယ်။
မစ္စတာ Barton ဟာ သူ့စန္ဒရားနဲ့ Lop Buri မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်း အပါအဝင် နေရာတချို့မှာ ဆာလောင်ပြီး ရန်လိုနေတဲ့ မျောက်တွေကို ဂီတသံစဉ် တီးခတ်ပြီး ချော့မော့ပေးနေပါတယ်။
သူဟာ ခွေးခြေခုံပုလေးပေါ်ထိုင်ပြီး Greensleeves, Beethoven ရဲ့ “Fur Elise” နဲ့ Michael Nyman ရဲ့ “Diary of Love” တို့ကို ပုံမှန် တီးနေချိန်ဆို မျောက်တွေက သူ့ပုခုံးပေါ်ထိုင်ပြီး ခေါင်းကို ကိုင်ကာ နားထောင်နေတတ်ကြပါတယ်။
စန္ဒရား တီးခတ်နေစဉ် မစ္စတာ Barton အာရုံစိုက်ရတဲ့ အလုပ်ကတော့ မျောက်လေးတွေက စန္ဒရား ခလုတ်တွေပေါ် တက်လိုက်ဆင်းလိုက် ပြေးနေပြီး သံစဉ်စာသား စာရွက်တွေကို ပါးစပ်နဲ့ ကိုက်မဖြဲအောင် အမြဲလုံးပန်းရတာမျိုးတော့ ရှိပါတယ်။
“တောရိုင်းတိရစ္ဆာန်တွေကို မျက်မြင်ကိုယ်တွေ့ မြင်ခွင့်ရတဲ့ တကယ့် အခွင့်ရေးကောင်းပါပဲ။ ကျနော် စန္ဒရား တီးရင်း တွေ့လာရတာက ကျနော် တီးနေတုန်း သူတို့တကယ့်ကို သံစဉ်ထဲမှာ ပျော်ဝင်နေကြတာပါ။ သူတို့အတွက် စန္ဒရား တီးပေးရလို့လည်း စိတ်ရှုပ်ထွေးတာမျိုး မရှိပါဘူး” လို့ Barton က ဆိုပါတယ်။
လက်ရှိမှာတော့ မျောက်တွေက သူတီးခတ်သမျှ Bach, Schubert, Chopin နဲ့ Beethoven တို့ပရိသတ် ဖြစ်နေပါပြီ။ Beethoven သံစဉ်တွေဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲက ဆင်တွေအတွက် အသုံးပြုလာတာပါ။ မစ္စတာ Barton ကတော့ ဂန္တဝင်တေးသွားတွေအပေါ် တုန့်ပြန်မှုတွေကို လေ့လာရင်း ဆာလောင်နေတဲ့ မျောက်တွေကိုပါ လူတွေ အာရုံစိုက်လာဖို့ မျှော်လင့်နေပါတယ်။
“ဂီတကို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးချနိုင်မယ်လို့ ယုံကြည်တယ်” ဆိုပြီး မစ္စတာ Barton က ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
Emirates က ခရီးသည်တွေကို ကြယ်ငါးပွင့် ဟိုတယ်မှာ အခမဲ့ တည်းခွင့်ပြုမည်
ချန်ဂီလေဆိပ်ထဲမှာ တညတာ အနားယူနိုင်မယ့် အစီအစဉ်သစ်
ဟောင်ကောင်မှာ ခေတ်စားနေတဲ့ ပုံစံတူ ကိတ်မုန့်အရောင်းဆိုင်