မူးယစ်ဆေးနဲ့ အရက်စွဲလန်းမှုတွေ မဖြစ်ခင် သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမားတယောက်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဒီရေဂို မာရာဒိုနာ (Diego Maradona) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာပဲ အာဂျင်တီးနားနိုင်ငံမှာရှိတဲ့ သူ့နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၆၀ ရှိနေပါပြီ။
၁၉၈၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ဖလားရအောင် စွမ်းဆောင်ပေးခဲ့တဲ့သူ ဖြစ်တဲ့အပြင် အီတလီက နာပိုလီအသင်းကိုလည်း စီးရီးအေ ဆုဖလား နှစ်ခု ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ မာရာဒိုနာဟာ အားကစားမှာ ထူးချွန်သူ ဖြစ်မလာခင် ဘရူနိုအေးရီစ်မြို့ရဲ့ ကြမ်းတမ်းတဲ့ လမ်းမတွေပေါ်မှာ ကစားခဲ့ရတဲ့ ပါရမီရှင် ကစားသမားတယောက် ဖြစ်ခဲ့ပါတယ်။
ထူးထူးခြားခြား တိုက်ဆိုင်တာကတော့ သူကွယ်လွန်ခဲ့တဲ့နေ့ဟာ နိုင်ငံရေးမှာ သူလေးစားအားကျရပါတယ်ဆိုတဲ့ ကျူးဘားခေါင်းဆောင်းဆောင်း ဖီဒယ် ကတ်စထရိုကွယ်လွန်တာ ၄ နှစ်ပြည့်နဲ့ သူ ငယ်ငယ်က ဘောလုံးကစားနည်းမှာ အားကျခဲ့ရသူ George Best ကွယ်လွန်တာ ၁၅ နှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မာရာဒိုနာဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဦးနှောက်တွင်း သွေးခဲပိတ်ဆို့မှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဘရူနိုအေးရီးစ်မြို့ပြင်မှာရှိတဲ့ သူ့နေအိမ်မှာ နှလုံးရောဂါကို ခံစားခဲ့ရတာဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဆိုပါတယ်။ သူ ကွယ်လွန်ကြောင်းကိုတော့ သူ့ရဲ့ရှေ့နေက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုအေးရီးစ်မြို့မှာတော့ နိုင်ငံရဲ့အချစ်ဆုံးသားတယောက် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးနေကြပြီး သူနေထိုင်ခဲ့ရတာ အနီးမှ ဆန်အန်ဒရီးမြို့မှာလည်း လူထုစုရုံးမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အာဂျင်တီးနားအစိုးရကလည်း ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ်နေ့အဖြစ် ၃ ရက် ပြုလုပ်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
သမ္မတ အယ်ဘတ်တို ဖာနက်ဒက်ဇ်က “မင်းဟာ ကမ္ဘာမှာ အမြင့်ဆုံးအမှတ်အထိ ငါတို့ကို ခေါ်ဆောင်ခဲ့ပြီး ငါ့တို့ကို ပျော်ရွှင်အောင် ပြုလုပ်ခဲ့ပြီးပါပြီ။ မင်းဟာ အားလုံးထဲမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ငါတို့နဲ့အတူ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီယေဂိုရေ။ ငါတို့ ကျန်ရှိတဲ့ ဘဝတလျှောက်လုံးမှာ မင်းကို သတိရနေမှာပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
ဘရူနိုအေးရီးစ်မြို့က ရထားဘူတာရုံတွေမှာရှိတဲ့ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေမှာလည်း “ကျေးဇူးတင်ပါတယ် ဒီယေဂို” ဆိုတဲ့ စာသားတွေက အစားထိုး ဝင်ရောက်လာတာကိုလည်း တွေ့ရပါတယ်။
မာရာဒိုနာဟာ မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်အသင်းနဲ့ ပွဲမှာ လက်နဲ့သွင်းခဲ့တဲ့ မှော်ဆန်တဲ့ ဂိုးကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ “La Mano de Dios” သီချင်းကိုလည်း သီကျူး ပုံဖော်နေကြပါတယ်။ အာဂျင်တီးနားနိုင်ငံမှာ မာရာဒိုနာကို ဘုရားသခင်တပါးအနေနဲ့ ယုံကြည်ကိုးစားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲ့ဒီကစားပွဲမှာတင် အင်္ဂလန်အသင်းဘက်ကို တယောက်တည်း ပြေးကန်သွင်းတဲ့ ဒုတိယမြောက်ဂိုးဟာလည်း သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ ခြေစွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသနိုင်ခဲ့ပြီး ဒါဟာ ဘယ်သူမှ မယှဉ်သာနိုင်အောင် ဖြစ်တယ်လို့ အများက ရှုမြင်ထားကြပါတယ်။
မာရာဒိုနာဟာ သူဘောလုံးကျွမ်းကျင်ကြောင်းကို အသက် ၁၂ နှစ်အရွယ်ကနေစလို့ ဘောလုံးပွဲစဉ်တွေမှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မှုနဲ့ ပြသခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ၁၉၉၄ ကမ္ဘာ့ဖလားမှာတော့ ဆေးကျလို့ အိမ်ပြန်ပို့ခံခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် သူနောက်ဆုံးသွင်းခဲ့တဲ့ ဂိုးကတော့ ဘော်စဆွန်မြိုကမှာ ကန်ခဲ့တဲ့ ဂရိအသင်းနဲ့ ပတ်လည် ပွဲစဉ်မှာဖြစ်ပြီး ရုပ်သံကင်မရာမရှေ့မှာ ဒေါသတကြီး အော်ဟစ် အောင်ပွဲခံခဲ့တာက နောက်ဆုံး ဖြစ်ပါတယ်။
မာရာဒိုနာရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ အနီးဆုံးရှိသူတဦးလို့ ယူဆကြတဲ့ ဘရာဇီးဘောလုံးသမားကြီး ပီလီကလည်း အထူးဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပီလီက “တနေ့ကျရင် ငါတို့ ဒီကောင်းကင်အထက်မှာ ဘောလုံး အတူတူ ကန်ကြမယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဖီဖာဥက္ကဋ္ဌ Gianni Infantino ကလည်း “ဘောလုံးလောကအတွက် ဒီယေဂို လုပ်ပေးပေးခဲ့တာ၊ ဒီလိုလှပတဲ့ အားကစားကို ကျနော်တို့ ပိုချစ်လာအောင် လုပ်ပေးခဲ့တာကတော့ ထူးခြားလွန်းပါတယ်။ အဲ့ဒီအတွက် မတူထူးခြားတဲ့ ကျေးဇူးတင်မှုကို ဒီယေဂို ခံယူထိုက်ပါတယ်” လို့ ဆိုပါတယ်။
ကလပ်အသင်းအဆင့်မှာတော့ မာရာဒိုနာဟာ Buenos Aires မြို့ခံ Boca Juniors အသင်းမှာ ကစားခဲ့ပြီးတဲ့နောက် စပိန်နိုင်ငံက ဘာစီလိုနာအသင်းမှာ ကစားခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၇ ခုနှစ်ရဲ့ အီတလီစီးရီးအေ ဖလားကို ရရှိအောင် နာပိုလီအသင်းအတွက် စွမ်းဆောင်ပေးနိုင်ခဲ့လို့ သူ့ကို အားလုံးက လေးစား အားကျခဲ့ကြပါတယ်။ Naples မြို့တော်ဝန် Luigi de Magistris ကတော့ အသင်းရဲ့ ကစားကွင်းကို မာရာဒိုနာရဲ့ နာမည်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
Naples မြို့က မာရာဒိုနာရဲ့ သရုပ်ဖော်ပုံတွေကို လမ်းပေါ်မှာ ဆွဲထားတဲ့ အနုပညာနဲ့ ဂရက်ဖက်တီတွေဟာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကိုပါ ဆွဲဆောင်နိုင်တဲ့အထိ နာမည်ကျော်ပါတယ်။ ဒါပေမဲ့ သူဟာ အဲ့ဒီနိုင်ငံမှာ အခွန် ပြဿနာနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ အီတလီနိုင်ငံမြောက်ပိုင်းက ကျန်းမာရေးဆေးခန်းတခု မှာရှိနေခဲ့စဉ် အခွန်မပေးဆောင်ထားမှုကို ဖုံးကွယ်ရန် ကြိုးစားမှုနဲ့ သူ့ရဲ့ ဝင်ငွေတွေကို ၂၀၀၉ ခုနှစ်မှာ ရဲတပ်ဖွဲ့က သိမ်းယူခဲ့ပါတယ်။
မာရာဒိုနာဟာ သူ့ရဲ့ အားကစားသမားဘဝကို အာဂျင်တီးနားနိုင်ငံမှာပဲ အဆုံးသတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အာဂျင်တီးနားအသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းနဲ့ မက္ကဆီကိုနိုင်ငံတွေမှာလည်း ကလပ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
ဘောလုံးသမားဘဝထက် ဗီဒီယိုဂိမ်း ကစားသမားဘဝမှာ ငွေပိုဝင်နေတဲ့ ဒေးဗစ်ဘက်ခမ်း
Ironman ပွဲမှာ ပထမဆုံးပန်းဝင်တဲ့ထိ ယှဉ်ပြိုင်နိုင်တဲ့ Down ရောဂါရှင်လူငယ်