၂၀၁၉ ခုနှစ်က Nike ကုမ္ပဏီနဲ့ BigBang အဖွဲ့ခေါင်းဆောင် G-Dragon အတူပူးပေါင်းပြီး အမည်းရောင် Nike Air Force 1 “Para-Noise” ဖိနပ်ကို ထုတ်လုပ်ခဲ့စဉ်က ကမ္ဘာတဝှမ်းမှာ စံချိန်တင်ရောင်းချခဲ့ရတာပါ။ အခုလည်း ၁ နှစ်တိတိအကြာ နောက်ထပ် “Para-Noise 2.0” ကို ချပြလိုက်ပြန်ပါပြီ။
အရင်ပုံစံနဲ့ မတူ ကွဲထွက်အောင် ဖိနပ်ကို အဖြူရောင်၊ ကြိုးကို အမည်းရောင် ပြောင်းသုံးပေးထားပြီး G-Dragon ရဲ့ မတူကွဲပြားတဲ့ ဖန်တီးမှုဒီဇိုင်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်သလို၊ သူယုံကြည်လက်ခံထားရာကို လွတ်လပ်စွာ ဖော်ထုတ်ပြသထားတယ်လို့ ဆိုပါတယ်။
Nike’s official website ကနေ နိုဝင်ဘာ ၂၅ ရက်က ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၄၂ နိုင်ငံကို စတင်ရောင်းချတဲ့ မိနစ် ၂၀ အတွင်းမှာပဲ အကုန်ရောင်းထွက်ခဲ့ပါတယ်။ G-Dragon နာမည်ကို ကြည့်ရှုမှုပေါင်း သန်း ၃၃၀ ကျော်တဲ့ထိ Weibo မှာ Trending ဖြစ်ခဲ့တဲ့ တရုတ်မှာဆိုရင် ၁ စက္ကန့်အတွင်းကို စံချိန်တင် ရောင်းကုန်ခဲ့တာပါ။
ဥရောပက အီတလီမှာလည်း ၁ မိနစ်အတွင်း၊ အမေရိကန်နဲ့ ကနေဒါမှာတော့ ၆ မိနစ်အတွင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယမှာ ၁၁ မိနစ်အတွင်း စံချိန်တင် ရောင်းချခဲ့ရပါတယ်။
G-Dragon က Nike ကုမ္ပဏီနဲ့ အတူပူးပေါင်းထုတ်လုပ်လိုက်တဲ့ Nike Air Force 1 “Para-Noise 2.0” နဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ပြောသွားခဲ့သလို၊ ၂၀၂၁ ခုနှစ်မှာ ပရိသတ်တွေဆီ ချပြမယ့် သီချင်းတွေ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ထွက်ရှိလာမယ့် G-Dragon ရဲ့ Solo comeback အတွက် ပြင်ဆင်နေကြောင်းကို အေဂျင်စီဖြစ်တဲ့ YG Entertainment ကပါ အတည်ပြုပေးထားတာပါ။ သူဟာ BIGBANG အဖွဲ့နဲ့အတူ ၂၀၁၈ ခုနှစ်က “Flower Road” နောက်ဆုံးထွက်ရှိထားခဲ့ပြီး ၂၀၂၀ ဧပြီလ Coachella ပွဲမှာ ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် COVID-19 ကြောင့် ပွဲရပ်နားလိုက်ရကာ အခွင့်မသာခဲ့ပါဘူး။
၂၀၂၁ ခုနှစ်မှာတော့ G-Dragon ရဲ့ သီချင်းသစ်တွေကို နားထောင်ရဖို့ ပရိသတ်တွေကတော့ အရမ်းကို မျှော်လင့်နေကြပါတယ်။ ဖိနပ် စတင်ဖြန့်ချိတဲ့ပွဲနေ့မှာ G-Dragon က ၂၀၂၁ ခုနှစ်မှာ လူသားအားလုံး မျှော်လင့်ထားသလို ကမ္ဘာကြီး ပြန်ကျန်းမာလာစေဖို့ ဆုတောင်းပေးခဲ့ပါတယ်။
Nike ကနေ “Para-Noise 2.0” ဖိနပ်တရံကို တရားဝင်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ရောင်းချပေးခဲ့ပြီး မိနစ်ပိုင်းအတွင်း ကုန်သွားတာကြောင့် တဆင့်ပြန်ရောင်းချနေတဲ့ ဝက်ဘ်ဆိုက်တွေမှာ နိုဝင်ဘာ ၂၇ ရက် ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၅၂၀ ကနေ ၅၅၀ အတွင်း ရှိနေပါတယ်။
၂၀၁၉ ခုနှစ်က ပထမဆုံး Nike Air Force 1 “Para-Noise” တုန်းကလည်း တရားဝင်ရောင်းဈေး တောင်ကိုရီးယားဝမ် ၂၂၀,၀၀၀ နီးပါးရှိခဲ့ပေမယ့် အပြင်ဈေးကွက်မှာ တောင်ကိုရီးယားဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၈,၆၀၀ ) နီးပါးထိ ပေါက်ဈေးရှိခဲ့ပါတယ်။
Ref: All Kpop
You may also like these stories:
ဂန္တဝင်ဘောလုံးသမားကြီး ဒီယေဂိုမာရာဒိုနာ နှလုံးရောဂါကြောင့် ကွယ်လွန်
ဆာလောင်နေတဲ့ မျောက်တွေ စိတ်ငြိမ်အောင် စန္ဒရား တီးခတ်ပြတဲ့ ဂီတပညာရှင်
Emirates က ခရီးသည်တွေကို ကြယ်ငါးပွင့် ဟိုတယ်မှာ အခမဲ့ တည်းခွင့်ပြုမည်