ဂျပန်နိုင်ငံမှာ လူနေမှုဘဝ ပုံစံသစ်အတွက် မရှိမဖြစ် အရေးပါလာတဲ့ နှာခေါင်းစည်း Mask ယဉ်ကျေးမှုကို အဖိုးတန် ရတနာတွေ စီခြယ်ပြီး တန်ဖိုးမြင့်တင်လိုက်ပါတယ်။ သာမန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ပေးနိုင်ရုံ ရိုးရိုး Mask တွေ မဟုတ်တော့ဘဲ ဂျပန် ယန်းငွေ သန်းနဲ့ချီတန်တဲ့ တန်ဖိုးကြီး Mask တွေကို ရောင်းချလာတာပါ။
စိန်နဲ့ ပုလဲလုံးတွေ စီခြယ်ထားတဲ့ လက်ချုပ် Mask တခုကို ယန်း ၁ သန်း (အမေရိကန်ဒေါ်လာ ၉,၆၀၀) ကျော် ရှိတဲ့ Cox Co ရဲ့ Mask.com ဆိုင်မှာ ယခင်အပတ်ကစပြီး ရောင်းချခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်း ဆုံးရှုံး ထိခိုက်နေတဲ့ ဖက်ရှင်နယ်ပယ် ရောင်းအား ပြန်ကောင်းလာအောင်နဲ့ လူတွေကို ပျော်ရွှင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
စိန်ခြယ် Mask ကို ၀ ဒသမ ၇ ကာရက် စိန်အပြင်၊ Swarovski ခရစ္စတယ် အခု ၃၀၀ ကျော်နဲ့ စီခြယ်ထားတာပါ။ ပုလဲ Mask ကိုတော့ ဂျပန် Akoya ပုလဲပေါင်း အလုံး ၃၃၀ ကျော်သုံးပြီး ချုပ်လုပ်ထားတာဖြစ်ပါတယ်။
“လူတိုင်းက ကပ်ရောဂါကာလကြီးအတွင်းမှာ စိတ်ဓာတ်ကျနေကြတာပါ။ အခုရောင်းပေးလိုက်တဲ့ တောက်ပ လင်းလက်နေတဲ့ Mask တွေကြောင့် စိတ်ပျော်ရွှင်လာစေချင်တယ်” လို့ တိုကျိုဘူတာနားရှိ Mask.com ဆိုင် တာဝန်ခံ Azusa Kajitaka က ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ ကာလဖြစ်လို့ ရတနာလုပ်ငန်းနဲ့ အထည်လုပ်ငန်းဈေးကွက် ကျဆင်းနေပါတယ်။ ဒါကြောင့် ကျမတို့ ကုမ္ပဏီက ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်း ပြန်လည် ဦးမော့လာအောင် တဖက်တလမ်းက ပါဝင်ကူညီနေတာပါ” လို့ Azusa Kajitaka က ဆိုပါတယ်။
Cox ကနေ Mask.com ဆိုင်ကို စက်တင်ဘာလကစပြီး အွန်လိုင်းကအပြင် အပြင်မှာလည်း ဆိုင်ခွဲပေါင်း ၆ ဆိုင် ထိ ဖွင့်လှစ်ရောင်းချပေးနေပါတယ်။ ဂျပန်ယန်းငွေ ၅၀၀ ကနေစပြီး နှာခေါင်းစည်း Mask အမျိုးအစားပေါင်း ၂၀၀ ကျော်ကို ရောင်းချပေးပါတယ်။
ယခင်အပတ်က စတင်ရောင်းချပေးခဲ့တဲ့ ယန်း ၁ သန်းတန် Mask ကို စိတ်ဝင်စား ဝယ်ယူမယ့် ဧည့်သည် တွေလည်း ဆိုင်ကို ရောက်လာကြပါတယ်။ အသက် ၆၆ နှစ်အရွယ် Mitsue Kaneko ကတော့ ဒီတန်ဖိုးကြီး Mask တပ်မယ်ဆိုရင် သူနဲ့ သင့်တော်တဲ့ ဖက်ရှင်မျိုး လိုက်ဝတ်ရမှာဖြစ်လို့ နည်းနည်းတော့ ရှက်မိတယ်လို့ ဆိုပါတယ်။
တကယ်တော့ ယန်း ၁ သန်းတန် Mask ဟာ ကမ္ဘာ့ဈေးအကြီးဆုံး Mask စာရင်းဝင်ဖို့ အများကြီးလိုနေပါသေးတယ်။ အစ္စရေးနိုင်ငံက ရတနာဆိုင် Yvel က ဒီဇိုင်းထုတ် ရောင်းချပေးခဲ့တဲ့ ၁၈ ကာရက် ရွှေ ၂၅၀ ဂရမ်နဲ့ ဖန်တီးထားတဲ့ Mask ဆိုရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော် တန်ဖိုးရှိပါတယ်။
Ref: Reuters
You may also like these stories:
Nike နဲ့ G-Dragon ရဲ့ပူးပေါင်းမှု “Para-Noise 2.0” မိနစ်ပိုင်းအတွင်း ရောင်းကုန်
ဟောင်ကောင်မှာ ခေတ်စားနေတဲ့ ပုံစံတူ ကိတ်မုန့်အရောင်းဆိုင်
ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ပေါ် ပျံသန်းပြခဲ့သူ မတော်တဆမှုကြောင့် သေဆုံး