ငယ်ငယ်တုန်းက အိပ်ခန်းထဲ ညဘက်အမေ မသိအောင် စောင်အောက်ထဲဝင် လက်နှိပ်ဓာတ်မီးလေးထိုးပြီး စာအုပ်ခိုးဖတ်ဖူးတယ်ဆိုရင် ထိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံးမြို့မှာရှိတဲ့ “Wuguan Books” ဆိုတဲ့ စာအုပ်ဆိုင်လေးက အမှတ်တရပုံရိပ်တွေကို ပြန်လည် ယူဆောင်လာပေးမှာပါ။
စာအုပ်ဆိုင် ဆိုတာထက် အနုပညာပြခန်းတခုလို ပုံဖော်ထားပြီး စာအုပ်အဖုံးတွေကိုပဲ မီးမှောင်းထိုးပြထားကာ တခန်းလုံးနီးပါး အမှောင်ချထားတဲ့ အပြင်အဆင်ကို မြင်တွေ့ရမှာပါ။ စားပွဲတချို့ကိုလည်း စာဖတ် မီးအိမ်လေးတွေပဲ ထွန်းညှိထားတာပါ။
ဒီလို အနုပညာဆန်ပြီး ထူးခြားလွန်းတဲ့ စာအုပ်ဆိုင်ကို ဖန်တီးထားသူကတော့ ဆုရ ဗိသုကာပညာရှင် Chu Chih-kang ပဲ ဖြစ်ပါတယ်။ Chu ဒီဇိုင်းဆွဲ ဖန်တီးပုံဖော်ပေးထားတဲ့ တရုတ်နိုင်ငံ၊ ချန်ဒူးမှာရှိတဲ့ Fangsuo စာအုပ်ဆိုင်ကိုလည်း အလှပဆုံးသော စာအုပ်ဆိုင်လို့ မီဒီယာတွေမှာ ချီးကျူးရေးသားခဲ့ကြပါတယ်။
Wuguan Books ဆိုင်လေးကို ကြည့်လိုက်မယ်ဆိုရင် တခြားနေရာတွေကို အကုန်မမြင်ရဘဲ စာအုပ်တွေပဲ လေထဲ မျောနေသလို ခံစားမှုကို ခံစားမိစေပါတယ်။ ဒီဆိုင်လေးထဲမှာ စာအုပ်စင်ပေါင်း ၄၀၀ နဲ့ လွင့်မျောနေတဲ့ စာအုပ်တွေကို ခင်းကျင်းပြသထားတာပါ။
“ဆိုင်ကိုလာတဲ့သူတွေ အားလုံး စာအုပ် တခုတည်းကိုပဲ အာရုံစိုက်နိုင်အောင် ဒီဇိုင်းဆွဲထားတာပါ။ တခြားကို အာရုံမပြန့်ဘဲ စိတ်က စာအုပ် တနေရာတည်းမှာပဲ ရှိနေတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးထားပါတယ်” လို့ ဆိုင် မန်နေဂျာ Su Yu-shan က ရှင်းပြပါတယ်။
ဆိုင်ထဲမှာ လက်နှိပ်ဓာတ်မီးနဲ့ တခြားဖလက်ရှ်မီး အသုံးပြုခွင့်ကို တားမြစ်ထားပါသေးတယ်။ ဆိုင်အဝင် ဝင်ပေါက်မှာ ရေးပြီးကပ်ထားတဲ့ ဟာသ စာစုလေးတွေကြောင့်လည်း ဖတ်မိသူတိုင်း ပြုံးမိသွားကြမှာပါ။ “တယောက်ယောက်က မင်းခြေမကို နင်းမိရင် မအော်နဲ့။ သူ့ခြေမကို ပြန်နင်းလိုက်ပါ” “နောက်တယောက်ကပါ မင်းနဲ့ စာအုပ်အကြိုက်တူနေပြီဆိုရင် ချက်ချင်းဝယ်လိုက်ပါ (မဟုတ်ရင်) သူ့ဖုန်းနံပါတ်တောင်းလိုက်ပါ”
ဆိုင်ထဲမှာ ရေးထားတဲ့ လမ်းညွှန်ချက်တွေထဲက တခုကတော့ ဟယ်ရီပေါ်တာ ပရိသတ်တွေ အကြိုက်ဖြစ်မှာပါ။ “အထဲမှာ အရမ်းမှောင်နေတယ်ထင်ရင် သစ်ပင်ကိုင်းတခုယူပြီး ‘Lumos’ လို့ ရွတ်ကြည့်လိုက်ပါ” တဲ့။
Wuguan Books စာအုပ်ဆိုင်လေးကို ဆိုရှယ်မီဒီယာပေါ်မှာ ပေါ်ပင်တင်ဖို့ ဓာတ်ပုံရိုက်ရမယ့် နေရာမဟုတ်ဘဲ စာအုပ်တအုပ်ရှာပြီး ကိုယ်တယောက်တည်း အချိန်ဖြုန်းရမယ့် နေရာဖြစ်တယ်လို့ မန်နေဂျာ Su က ဆိုပါတယ်။ ဆိုင်ရဲ့ ဆောင်ပုဒ်ကိုက “Wuguan Books-about soul reading” လို့ ပေးထားပြီး စာအုပ်ဆိုင် သက်သက် မဟုတ်ဘဲ သင့်စိတ်ဝိညာဉ်နဲ့ပါ ဆက်သွယ်နိုင်မယ့် နေရာတခုအဖြစ် ဖန်တီးပေးထားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အရွယ်မရောက်သေးသူတွေအတွက် မသင့်တော်တဲ့ စာအုပ်တွေရှိနေတာကြောင့် အဆိုပါ စာအုပ်ဆိုင်ကို အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ လာရောက်ခွင့်ပြုထားပါတယ်။ “ကျမတို့ ဆိုင်က တခြား စာအုပ်ဆိုင်တွေလို အမျိုးအစားအစုံ အများကြီး မရှိပါဘူး။ တခြားဆိုင်တွေမှာ မဖတ်ရဲတဲ့ခေါင်းစဉ်အောက်က စာအုပ်မျိုးတွေကိုပါ ရဲရဲဝံ့ဝံ့ ရွေးချယ်ဖတ်နိုင်အောင်၊ စာဖတ်သူတွေရဲ့ အတွင်းစိတ်ဒဏ်ရာတွေ ပြေလျော့သွားအောင် လမ်းဖွင့်ပေးထားတာပါ” Su က ပြောပါတယ်။
“ဆိုင်ဖွင့်ကတည်းက အခုထိ ဧည့်သည်တွေ အထဲမှာ အိပ်နေတာ၊ အလစ်သုတ်မှာမျိုးလို စိုးရိမ်စရာ ကိစ္စတွေ တခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ အပြင်ကကြည့်ရင် အထဲမှာ မှောင်မည်းနေတော့ သရဲခြောက်တဲ့ အိမ်ကြီးထင်ပြီး တော်တော်များများကတော့ ဝင်မလာရဲကြဘူး” လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ဂျပန်က စိန်နဲ့ပုလဲ စီခြယ်ထားတဲ့ ယန်း ၁ သန်းတန် Mask
Nike နဲ့ G-Dragon ရဲ့ပူးပေါင်းမှု “Para-Noise 2.0” မိနစ်ပိုင်းအတွင်း ရောင်းကုန်
ဆာလောင်နေတဲ့ မျောက်တွေ စိတ်ငြိမ်အောင် စန္ဒရား တီးခတ်ပြတဲ့ ဂီတပညာရှင်